Tuesday, December 13, 2022

ဘော့စနီးယားနိုင်ငံအား EU အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် အသိအမှတ်ပြုခြင်း

Dailysabah; Dec-13(Tue)

ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများသည် ဘော်လ်ကန်ဒေသတွင်းနိုင်ငံဖြစ်သည့် ဘော့စနီးယားအား EU အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရန် ဒီဇင်ဘာလ ၁၃ ရက်တွင် သဘောတူညီခဲ့ပါသည်။ EU သည် ၎င်း၏အဖွဲ့ဝင်နိုင်ငံများတွင် ဘော်လ်ကန် ဒေသတွင်းနိုင်ငံတစ်နိုင်ငံကိုထားရှိနိုင်ရေးနှင့် ရုရှားနှင့် တရုတ်ကဲ့သို့ ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ ဘော်လ်ကန်ဒေသအတွင်း ဩဇာလွှမ်းမိုးမှုရန်မှ ကာကွယ်နိုင်ရေးတို့အတွက် ရည်ရွယ်၍ အထက်ပါအတိုင်းဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ ဘော့စနီးယားသည် ပြီးခဲ့သည့် အောက်တိုဘာလတွင် EU အဖွဲ့သို့ ဝင်ရောက်ခွင့်ရရှိရေးလုပ်ငန်းစဉ်များကို စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး EU အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များက ဘော့စနီးယားအား EU အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုလက်မှတ်ရေးထိုးခြင်းကို ဒီဇင်ဘာလ ၁၅ ရက်တွင် ပြုလုပ်သွားရန် မျှော်မှန်းထားလျက်ရှိပါသည်။

ဘော့စနီးယားသည် EU အဖွဲ့သို့ ဝင်ရောက်ရေးလမ်းကြောင်းတွင် အရေးပါသည့် အဆင့်၌ လက်ရှိရောက်ရှိနေပြီဖြစ်ကြောင်း EU ချဲ့ထွင်ရေးကော်မရှင်နာ အိုလီဗာ ဘာဟယ်ရီ (Oliver Varhelyi) က ပြောကြားခဲ့ပါသည်။ လူဦးရေ ၃ သန်းရှိ ဘော့စနီးယား သည် ဆယ်စုနှစ် ၃ ခုကြာ ပြည်တွင်းစစ်ဖြစ်ပွားချိန်မှစ၍ မတူညီသည့်လူမျိုးစုများအကြား ပဋိပက္ခများနှင့်အတူ လက်ရှိအချိန်တွင် နိုင်ငံရေးဆိုင်ရာ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ ဥရောပကော်မရှင်သည် တည်ငြိမ်သည့်နိုင်ငံ ဖြစ်လာစေရေး အတွက် အချက် ၁၄ ချက်ကို ပြုပြင်ပြောင်းလဲသွားရန် ဘော့စနီးယားအား အဆိုပြု ထားလျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment