Tuesday, December 13, 2022

တူကီယဲသည် နည်းပညာမြင့် ကာကွယ်ရေးပစ္စည်းများကို NATO အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ခြင်း

Trend; Dec-13 (Tue)

တူကီယဲနိုင်ငံသည် စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၄၈ သန်းတန်ဖိုးရှိ ကာကွယ်ရေး ပစ္စည်းများကို တင်ပို့ရောင်းချထားပြီး ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်အထိ တင်ပို့ရောင်းချသွားရန်စီစဉ်ထားသည်ဟု တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့ကြောင်း Trend သတင်းဌာနက ဒီဇင်ဘာလ ၁၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူကီယဲနိုင်ငံအနေဖြင့် နည်းပညာမြင့် ကာကွယ်ရေးပစ္စည်း များကို NATO အဖွဲ့ဝင်မဟာမိတ်နိုင်ငံများသို့ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။ ၎င်းတို့နိုင်ငံအပေါ် လက်နက်ကုန်သွယ်မှုပိတ်ပင်ခြင်း၊ ခြိမ်းခြောက်မှု များနှင့်ဖိအားပေးမှုများရှိခဲ့သော်လည်း တူကီယဲနိုင်ငံသည် မောင်းသူမဲ့လေယာဉ်များကို ဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းတွင် ကမ္ဘာ့ထိပ်တန်းအဆင့် ၄ နိုင်ငံ အတွင်းတည်ရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ်တက်လှမ်းနိုင်ခဲ့သည်ဟု အာဒိုဂန်က ပြောကြား ခဲ့ပါသည်။

တူကီယဲနိုင်ငံသည် လွန်ခဲ့သည့် ၅ နှစ်မှ ၁၀ နှစ်အထိ နယ်ပယ်များစွာ၌ ထိပ်တန်းအဆင့်တွင်ပါဝင်အောင် မလုပ်ဆောင်နိုင်ခဲ့သော်လည်း လက်ရှိတွင်မူ တူကီယဲ ကုမ္ပဏီများသည် အကောင်းဆုံးအနေအထားတစ်ခုသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ အထူးသဖြင့် တူကီယဲနိုင်ငံသည် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုလုပ်ငန်းတွင် ထိပ်တန်းစာရင်းဝင်သည့် နိုင်ငံအဖြစ်တက်လှမ်းနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ တူကီယဲသည် ကပ်ရောဂါ ကြောင့် အကျပ်အတည်းများနှင့် ကြုံတွေ့ခဲ့ရစဉ်အတွင်းမှာလည်း ကြီးမားသော စီမံကိန်း များတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြား ခဲ့ပါသည်။ ၎င်းအနေဖြင့် အလုပ်အကိုင်များ ဆက်လက်ပေးအပ်နိုင်ရန်၊ ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုတို့ကို ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ကုမ္ပဏီများအား ပံ့ပိုးကူညီပေးခဲ့ ကြောင်း၊ ထိုကဲ့သို့ အစိုးရ၏ပံ့ပိုးကူညီပေးမှုကြောင့် ကုမ္ပဏီများသည် ကပ်ရောဂါကာလအတွင်း ဈေးကွက်အသစ်များရှာဖွေခြင်းနှင့် ပစ္စည်းအသစ်များ တိုးချဲ့ထုတ်လုပ်ခြင်းဖြင့် အကျပ်အတည်းမှ အခွင့်အလမ်းအဖြစ်ပြောင်းလဲကာ အောင်မြင်မှုများရရှိခဲ့ကြောင်း၊ အလုပ်အကိုင်ရရှိမှုနှုန်းနှင့် ပို့ကုန်အရေအတွက် များပြားလာခြင်းအပါအဝင် အခြေခံအချက်များစွာအပေါ် အပြုသဘော ဆောင်သောသက်ရောက်မှုများကို တွေ့မြင်ခဲ့ရကြောင်း အာဒိုဂန်က ထပ်လောင်းပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment