Xinhua; Dec-14(Wed)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) နှင့် ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) တို့သည် ဗီဒီယိုကွန်းဖရင့်မှတစ်ဆင့် နှစ်နိုင်ငံအစိုးရ များအကြား ရပ်ဝန်းနှင့်လမ်းကြောင်းပူးပေါင်းဆောင်ရွက်မှု (Belt and Road Cooperation) ကော်မတီတစ်ရပ် တည်ထောင်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း Xinhua သတင်းဌာနက ဒီဇင်ဘာလ ၁၄ ရက်တွင်ဖော်ပြခဲ့ပါသည်။ တရုတ်နှင့်ဟန်ဂေရီ နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံရေးသည် နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားအတွက် များစွာအထောက်အကူပြုသလို တရုတ်နှင့်ဥရောပနိုင်ငံများအကြား ဆက်ဆံရေးတည်ငြိမ်မှု အတွက် များစွာအထောက်အကူဖြစ်စေကြောင်း ဝမ်ယိက ပြောကြားခဲ့ပါသည်။ ထို့ပြင် ဟန်ဂေရီနိုင်ငံသည် တရုတ်နိုင်ငံနှင့် ရပ်ဝန်းနှင့်လမ်းကြောင်းစီမံကိန်း (Belt and Road Initiative-BRI) နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသည့် ပထမဆုံးဥရောပနိုင်ငံ ဖြစ်ကြောင်း ဝမ်ယိက ထပ်မံပြောကြားခဲ့ပါသည်။
တရုတ်နှင့် ဥရောပတို့သည် ပြိုင်ဘက်များမဟုတ်ဘဲ အမြဲတမ်းမိတ်ဖက်များသာ ဖြစ်ကြောင်းနှင့် ဟန်ဂေရီနိုင်ငံသည်လည်း တရုတ်-ဥရောပဆက်ဆံရေးမြှင့်တင်ရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေမည်ဟု ယုံကြည်ကြောင်း ဝမ်ယိက ဆက်လက်ပြောကြားခဲ့ပါသည်။ ဟန်ဂေရီနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံအား ပြိုင်ဘက်အဖြစ်မှတ်ယူထားခြင်းမရှိဘဲ မိတ်ဖက်နိုင်ငံအဖြစ်သာ အမြဲမှတ်ယူထားကြောင်း၊ တရုတ်နိုင်ငံနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာလုပ်ဆောင်ရန် မျှော်လင့်ကြောင်း ပီတာဆီဂျာတိုက ပြောကြားခဲ့ပါသည်။ ဥရောပ၊ ဗဟိုနှင့် အရှေ့ဥရောပ နိုင်ငံများနှင့် တရုတ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရာတွင် ဟန်ဂေရီ နိုင်ငံသည် အရေးကြီးသောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားရန် ဆန္ဒရှိကြောင်း ပီတာဆီဂျာတိုက ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။
သုံးသပ်ချက်
ရပ်ဝန်းနှင့်လမ်းကြောင်း BRI စီမံကိန်းသည် ကုန်သွယ်မှုဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် တရုတ်နိုင်ငံကိုဗဟိုပြုကာ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၆၀ ကျော်နှင့် ချိတ်ဆက်ဆောင်ရွက်ရသော တရုတ်နိုင်ငံ၏ မဟာဗျူဟာစီမံကိန်းကြီးဖြစ်ပါသည်။ လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၁၄၀ သည် ၎င်းစီမံကိန်း၌ လက်မှတ်ရေးထိုးထားပြီးဖြစ် ပါသည်။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို အဓိကစီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ပုံဖော်လုပ်ဆောင်လျက်ရှိပါသည်။ တရုတ်နိုင်ငံသည် နိုင်ငံတော် ဝင်ငွေ၏ ၄၆ ရာခိုင်နှုန်းကို ခြိုးခြံချွေတာပြီး နိုင်ငံခြားနှင့် ပြည်တွင်းတွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကိုပြုလုပ်လျက်ရှိရာ ယခုအခါ အရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံ များသို့လည်း အလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံလျက်ရှိပါသည်။ ထို့ပြင် တရုတ်သည် အရှေ့အလယ်ပိုင်းနှင့် အရှေ့ဥရောပနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဘုံဖွံ့ဖြိုး တိုးတက်မှုတို့အတွက် အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီသောဆန္ဒကိုအခြေခံ၍ ဒေသဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်း (China-CEEC Cooperation) ကို ၂၀၁၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်တွင် စတင်ခဲ့ပါသည်။ ဟန်ဂေရီနိုင်ငံသည်လည်း တရုတ်နိုင်ငံနှင့် BRI နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသည့် ပထမဆုံးသော ဥရောပနိုင်ငံဖြစ်ပါသည်။ ထို့ပြင် ကုန်သွယ်ရေးလုပ်ငန်းများဆိုင်ရာ တိုက်ရိုက်ငွေပေးချေနိုင်သည့် တရုတ်ဗဟိုဘဏ်၏ ပထမဆုံးဘဏ်ကိုဖွင့်လှစ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်အတွင်း အရှေ့အလယ်ပိုင်းနှင့် ဥရောပ အရှေ့ပိုင်းတို့သည် တရုတ်နိုင်ငံ၏ အဓိကရင်းနှီးမြှုပ်နှံသည့် ဒေသဖြစ်လာခဲ့ပါသည်။ သို့ဖြစ်၍ တရုတ်နိုင်ငံအနေဖြင့် အနာဂတ်တွင် BRI စီမံကိန်းကို လျင်မြန်စွာအကောင် အထည်ဖော်ဆောင်လျက်ရှိပြီး တရုတ်နှင့် ဥရောပနိုင်ငံများအကြား ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သဖြင့် တရုတ်နိုင်ငံ၏ ကမ္ဘာတစ်ဝန်း ပထဝီနိုင်ငံရေးဆိုင်ရာ လွှမ်းမိုးချုပ်ကိုင်နိုင်မှုများ ပိုမို မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment