Monday, December 5, 2022
အမေရိကန်ဒေါ်လာ ၄ ဘီလီယံနီးပါးတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများအား ပိုလန်နိုင်ငံသို့ ရောင်းချပေးရန် အမေရိကန်အစိုးရက အတည်ပြုခဲ့ခြင်း
AP News; Dec-6(Tue)
ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခကြောင့် လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုများ မြင့်တက် လျက်ရှိစဉ် NATO အဖွဲ့ဝင် ပိုလန်နိုင်ငံအား အမေရိကန်ဒေါ်လာ ၃.၇၅ ဘီလီယံတန်ဖိုးရှိ အဆင့်မြင့် Abrams တင့်ကားများ၊ တိုက်ခိုက်ရေးယာဉ်များနှင့် အခြားသောစစ်လက်နက် ပစ္စည်းအမြောက်အမြားရောင်းချပေးသွားမည့်အစီအစဉ်အား အမေရိကန်အစိုးရက ဒီဇင်ဘာလ ၆ ရက်တွင် အတည်ပြုခဲ့ပါသည်။ ထို့ပြင် M1A1 Abrams တိုက်ပွဲဝင်တင့်ကား ၁၁၆ စီး အပါအဝင် ထောင်ပေါင်းများစွာသော ခဲယမ်းမီးကျောက်များအား ပိုလန်နိုင်ငံသို့ ရောင်းချ ပေးသွားရန် ခွင့်ပြုပေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထား ပါသည်။ တစ်ချိန်တည်းတွင် အမေရိကန်၏လုံခြုံရေးမဟာမိတ်နိုင်ငံဖြစ်သည့် တောင်ကိုရီးယား နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံတန်ဖိုးရှိ Chinook ရဟတ်ယာဉ်များ ရောင်းချ ပေးရန်အတွက်လည်း အတည်ပြုပေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထားပါသည်။
ရုရှားနှင့် မြောက်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသည့် ပိုလန်နှင့် တောင်ကိုရီးယားနိုင်ငံတို့အား ယခုကဲ့သို့ စစ်လက်နက်ပစ္စည်းများ ရောင်းချ ပေးရန်စီစဉ်မှုသည် အမေရိကန်၏အမျိုးသားလုံခြုံရေးအကျိုးစီးပွားကို ဖော်ဆောင်ခြင်း ဖြစ်ကြောင်းနှင့် ဒေသတွင်းလက်နက်အပြိုင်အဆိုင်တပ်ဆင်မှုကို ဖြစ်ပေါ်စေမည်မဟုတ် ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပြုပြောကြားထားပါသည်။ ပိုလန်သို့ Abrams တင့်ကားများရောင်းချမှုသည် ဥရောပတွင် နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးတိုးတက်မှုတို့အတွက် တွန်းအားဖြစ်စေသော NATO မဟာမိတ်တစ်နိုင်ငံ၏ လုံခြုံရေးကဏ္ဍကို မြှင့်တင်ပေးခြင်းဖြင့် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ မျှော်မှန်းချက်များနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာရည်မှန်းချက်များကို အထောက်အကူ ဖြစ်စေပါသည်။ ထို့ပြင် ပိုလန်နိုင်ငံအနေဖြင့် လက်ရှိနှင့် အနာဂတ်ခြိမ်းခြောက်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်မည့် စွမ်းဆောင်ရည်များကို ရရှိပိုင်ဆိုင်မည်ဖြစ်သည့်အပြင် ရန်ဘက် နိုင်ငံများကိုလည်း ကောင်းစွာအန်တုနိုင်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောကြားထားသည်ဟု သိရှိရပါသည်။
သုံးသပ်ချက်
လက်ရှိဖြစ်ပေါ်လျက်ရှိသည့် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခသည် NATO အဖွဲ့၏ အရှေ့ဘက်စစ်နံချဲ့ထွင်ရေးမူဝါဒကြောင့် ဖြစ်ပေါ်လာသည့် အကျိုးရလဒ်တစ်ခုပင်ဖြစ် ပါသည်။ ယူကရိန်းဘက်မှ အခိုင်အမာရပ်တည်လျက်ရှိသည့် NATO အဖွဲ့ဝင် ပိုလန် နိုင်ငံသည် ပြုလုပ်လာနိုင်ဖွယ်ရှိသည့် ရုရှား၏တိုက်ခိုက်မှုများအပါအဝင် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့် ရင်ဆိုင်နေရပါသည်။ အနောက်အုပ်စုမှ ယူကရိန်းသို့ ထောက်ပံ့ ပေးခဲ့သည့် စစ်လက်နက်ပစ္စည်းအများစုကို ပိုလန်နိုင်ငံမှတစ်ဆင့် ကြားခံလုပ်ဆောင် လျက်ရှိသလို ပိုလန်သည် ရုရှား၏ထိုးစစ်ကိုတန်ပြန်နိုင်ရေး ဆိုဗီယက်သုံး စစ်လက်နက် ပစ္စည်းများကို ယူကရိန်းသို့ ပေးပို့ထားသည်ကို တွေ့ရှိရပါသည်။ အဆိုပါကိစ္စများနှင့် ပတ်သက်၍ ပြင်းထန်သည့်လက်တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဟု ရုရှားနိုင်ငံက ပိုလန်အစိုးရကို အကြိမ်ကြိမ်သတိပေးထားပြီးဖြစ်ပါသည်။ ထို့ပြင် အမေရိကန်ဦးဆောင်သည့် NATO အဖွဲ့အနေဖြင့် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် ယူကရိန်းတပ်ဖွဲ့များအား လေ့ကျင့်ပေးမှုများပြုလုပ်ကာ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက မကြာသေးမီက စွပ်စွဲ ထားပါသည်။ NATO အရှေ့ဖျားစစ်နံရှိ ပိုလန်နိုင်ငံသည် ကြီးမားသည့်လုံခြုံရေး ခြိမ်းခြောက် မှုများနှင့်ရင်ဆိုင်နေရစဉ် အမေရိကန်၏ ယခုကဲ့သို့ ၄ ဘီလီယံနီးပါးတန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများရောင်းချပေးရန် အတည်ပြုပေးခဲ့ခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ ပိုလန်နိုင်ငံသို့ အဆင့်မြင့်စစ်လက်နက်ပစ္စည်းများ ရောင်းချပေးမှုသည် အမေရိကန်၏ အမျိုးသားလုံခြုံရေး ဆိုင်ရာအကျိုးစီးပွားနှင့် ပိုလန်နိုင်ငံ၏ ကာကွယ်ရေးစွမ်းဆောင်ရည်များကို ပိုမိုခိုင်မာ အားကောင်းစေမည်ဖြစ်သော်လည်း လတ်တလောအခြေအနေများအရ အဆိုပါလုပ်ဆောင် မှုသည် ၎င်းအပေါ် ရန်စသည့်လုပ်ရပ်တစ်ခုအဖြစ် ရုရှားနိုင်ငံက ရှုမြင်လာနိုင်မှုကြောင့် ရုရှားနှင့် အမေရိကန်တို့အကြား ရှိရင်းစွဲတင်းမာမှုများမှာ ပိုမိုဆိုးရွားလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
Labels:
စစ်လက်နက်ပစ္စည်း,
ပိုလန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment