Tuesday, December 20, 2022

လစ်သူရေးနီးယားသည် အမေရိကန်ဒေါ်လာ ၄၉၅ သန်းတန်ဖိုးရှိ အမေရိကန်ထုတ် HIMARS စနစ် ၈ ခု ဝယ်ယူသွားမည်ဆိုခြင်း

The Defense Post; Dec-20(Tue)

လစ်သူရေးနီးယားအစိုးရသည် လျင်မြန်စွာလှုပ်ရှားစစ်ကစားနိုင်သည့် ယာဉ်တင် ဒုံးစနစ် (High Mobility Artillery Rocket System-HIMARS) ၈ ခု ဝယ်ယူရေးအတွက် အမေရိကန်ဒေါ်လာ ၄၉၅ သန်းတန်ဖိုးရှိ သဘောတူညီမှုတစ်ရပ်ကို အမေရိကန်နိုင်ငံနှင့် လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း The Defense Post သတင်းဌာနက ဒီဇင်ဘာလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ လစ်သူရေးနီးယားနိုင်ငံသည် HIMARS စနစ်များကို လာမည့် ၂၀၂၅ ခုနှစ်တွင် စတင်လက်ခံရရှိမည်ဖြစ်ပါသည်။ ထို့ပြင် အဆိုပါသဘောတူစာချုပ်အရ အမေရိကန်အနေဖြင့် လစ်သူရေးနီးယားစစ်ဘက်၏ ကာကွယ်ရေးစွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ရေး Lockheed Martin ကုမ္ပဏီထုတ် M142 ဒုံးပစ်လောင်ချာများနှင့်အတူ ခဲယမ်းမီးကျောက်များကို ပေးပို့သွားမည်ဖြစ်ပါသည်။ HIMARS စနစ်တွင် အကွာအဝေး ၃၀၀ ကီလိုမီတာ (၁၈၆ မိုင်) အထိ ပစ်ခတ်နိုင်စွမ်းရှိသည့် Army Tactical Missile System ကဲ့သို့ တိုက်ခိုက်ရေးပဲ့ထိန်းဒုံးကျည်များ ပါဝင်ပါသည်။ HIMARS စနစ်များကို ကိုင်တွယ်အသုံးပြုနိုင်ရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာသင်တန်းများအတွက် အမေရိကန်နှင့် ဆက်လက်ဆွေးနွေးလျက်ရှိကြောင်း လစ်သူရေးနီးယားကာကွယ်ရေးဝန်ကြီး အာဗီဒက်စ် အန်နျူဆော့စ်ကက်စ် (Arvydas Anusauskas) က ထုတ်ဖော်ပြောကြားထားပါသည်။

HIMARS စနစ်အား လစ်သူရေးနီးယားစစ်ဘက်၌ အသုံးပြုလျက်ရှိသည့် အခြားသော နည်းပညာများနှင့် ပေါင်းစပ်အသုံးပြုနိုင်မည်ဖြစ်သောကြောင့် နိုင်ငံကာကွယ်ရေးနှင့် ပြင်ပခြိမ်းခြောက်မှုဟန့်တားရေးအစီအစဉ်ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း လစ်သူရေးနီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခ ဆက်လက်မြင့်တက်နေစဉ်အတွင်း အမေရိကန်ထုတ် ဒုံးပစ်လောင်ချာများဝယ်ယူရေးအစီအစဉ်နှင့်ပတ်သက်၍ လစ်သူရေးနီးယား အစိုးရက ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိတွင် လစ်သူရေးနီးယားနိုင်ငံသည် ယူရို ၁.၆ ဘီလီယံကျော်၊ GDP ၏ ၂.၅ ရာခိုင်နှုန်းအထိ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲလျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment