Yahoo;Feb-19(Sun)
ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) နှင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) တို့သည် ပိုလန်နိုင်ငံ၌
အမေရိကန်တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားရေးနှင့်
အမြဲတမ်းတပ်စွဲထားရှိရေးကိစ္စရပ်များအား ဆွေးနွေးသွားမည်ဖြစ် ကြောင်း မိုရာဝီခ်ကီက ပြောကြားခဲ့သည်ဟု Yahoo သတင်းဌာနက ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ အမေရိကန်သမ္မတ
ဂျိုးဘိုင်ဒင်သည် ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၂ ရက်အထိ ပိုလန်နိုင်ငံသို့ ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး
အဆိုပါခရီးစဉ်အတွင်း အထက်ပါအတိုင်း ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် ခရီးစဉ်အတွင်း
ဘိုင်ဒင်သည် ပိုလန်သမ္မတ အန်ဒရေးဒူဒါ (Andrzej Duda) အပါအဝင် အရှေ့ဥရောပမဟာမိတ်များနှင့် တွေ့ဆုံ၍ ယူကရိန်းအရေးနှင့်စပ်လျဉ်း၍လည်း ဆွေးနွေးသွားမည်ဖြစ်ပါသည်။
အမေရိကန်သည် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအပေါ်
စတင်ထိုးစစ်ဆင်တိုက်ခိုက် ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄
ရက်မတိုင်မီကတည်းကပင် ပိုလန်နိုင်ငံတွင် ၎င်း၏တပ်ဖွဲ့ဝင်များကို
တိုးမြှင့်တပ်ဖြန့်ချထားခဲ့ရာ လက်ရှိတွင် ပိုလန်နိုင်ငံ၌ အလှည့်ကျ တပ်စွဲထားသည့်
အမေရိကန်တပ်ဖွဲ့ဝင် ၁၁,၀၀၀ ဦးခန့်ရှိကြောင်း CBS သတင်းဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Yahoo သတင်းဌာနက
ဖော်ပြထားပါသည်။ အမေရိကန် သည် ရုရှားနိုင်ငံ၏ခြိမ်းခြောက်မှုများကို တုံ့ပြန်သည့်အနေဖြင့်
ပိုလန်နိုင်ငံတွင် အခြေချ စစ်ဌာနချုပ်အသစ်တစ်ခု ဖွင့်လှစ်ထားရှိသွားမည်ဖြစ်ကြောင်း
ဘိုင်ဒင်က ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
သုံးသပ်ချက်
ရုရှား-ယူကရိန်းပဋိပက္ခမစတင်မီအချိန်ကတည်းကပင် အမေရိကန်ဦးဆောင်သော NATO အဖွဲ့သည် ဥရောပဒေသ၌ တပ်ဖွဲ့ဝင်အမြောက်အမြားကို တပ်ဖြန့်ချထားခဲ့ပြီး ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအား စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ပြီး နောက်ပိုင်းတွင်
ဥရောပဒေသ၌ တပ်ဖွဲ့ဝင်များကို တိုးမြှင့်တပ်ဖြန့်ချထားခဲ့ကြောင်း
တွေ့ရှိရပါသည်။ ထို့ပြင် အမေရိကန်သည် ရုရှား၏ခြိမ်းခြောက်မှုများကို
တားဆီးကာကွယ်နိုင်စေရန်နှင့် ပိုလန်၏စစ်ရေးစွမ်းရည်ကို
ခိုင်မာအားကောင်းလာစေရန်အတွက်ရည်ရွယ်၍ ပိုလန်နိုင်ငံ အတွက် ပြည်ပစစ်ဘက်ဆိုင်ရာရန်ပုံငွေ
(Foreign Military Financing-FMF) အဖြစ် အမေရိကန်ဒေါ်လာ ၂၈၈.၆ သန်းကို အမေရိကန်လွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ ကြောင်း ပိုလန်နိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ၂၀၂၂ ခုနှစ်၊
စက်တင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ လက်ရှိတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည်
ရုရှား-ယူကရိန်း
ပဋိပက္ခနှင့်ပတ်သက်၍ ပထဝီအနေအထားအရ
စိုးရိမ်ဖွယ်ရာရှိသည့် ပိုလန်နိုင်ငံသို့ ဖေဖော်ဝါရီလ ၂၀ ရက်မှ
၂၂ ရက်အထိ ခရီးစဉ်သွားရောက်မည်ဖြစ်ပါသည်။ ၎င်းခရီးစဉ် အတွင်း သမ္မတ ဘိုင်ဒင်သည် ပိုလန်နိုင်ငံ၌ အမေရိကန်တပ်ဖွဲ့ဝင်များတိုးမြှင့်ချထားရေးနှင့်
အမြဲတမ်းတပ်စွဲထားရှိရေးကိစ္စရပ်များအား ဆွေးနွေးသွားမည်ဖြစ်ကြောင်း
သိရှိရပါသည်။ သို့ဖြစ်၍ သမ္မတ ဘိုင်ဒင်၏ ပိုလန်ခရီးစဉ်မှတစ်ဆင့် ပိုလန်နှင့်
အမေရိကန်တို့အကြား စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ
တိုးမြှင့်လုပ်ဆောင်လာသည်နှင့်အမျှ ပိုလန်နိုင်ငံ သည် ရုရှားနိုင်ငံ၏ စစ်ရေးအရခြိမ်းခြောက်မှုများကို ပိုမိုရင်ဆိုင်သွားရနိုင်ဖွယ်ရှိကြောင်း
သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment