Thursday, February 16, 2023

NATO အထွေထွေအတွင်းရေးမှူးချုပ်သည် ဆွီဒင်နှင့် ဖင်လန်တို့အပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများ ဖယ်ရှားပေးသွားရန် တူကီယဲနိုင်ငံအား တိုက်တွန်းပြောကြားခဲ့ခြင်း

 Euro News; Feb-16(Thu)

            ဆွီဒင်နှင့်ဖင်လန်နိုင်ငံတို့အနေဖြင့် တူကီယဲနိုင်ငံ၏ တောင်းဆိုချက်များအား ဖြည့်ဆည်းပေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်သောကြောင့် တူကီယဲနိုင်ငံအနေဖြင့် ၎င်းတို့ အပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများအား ဖယ်ရှားပေးသွားရန် NATO အထွေထွေ အတွင်းရေးမှူးချုပ် ဂျင်န်စတိုတန်ဘာ့ဂ် (Jens Stoltenberg) က တိုက်တွန်းပြောကြား ခဲ့သည်ဟု Euro News သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဂျင်န်စတိုတန်ဘာ့ဂ် အနေဖြင့် ၎င်းနှစ်နိုင်ငံ၏ NATO အဖွဲ့သို့ ဝင်ရောက်နိုင်ရေးအတွက် အတည်ပြုရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရှေ့ဆက်လုပ်ဆောင်နိုင်ရန်အတွက် ကြိုးပမ်းလုပ်ဆောင်မှုအဖြစ် တူကီယဲနိုင်ငံသို့ ဖေဖော်ဝါရီလ ၁၆ ရက်မှစ၍ ရောက်ရှိနေခြင်းဖြစ်ပါသည်။ ထို့ပြင် နော်ဒစ်ဒေသတွင်းနှစ်နိုင်ငံဖြစ်သော ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့အနေဖြင့်လည်း ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခကြောင့် ၎င်းတို့ ကာလရှည်ကျင့်သုံးခဲ့သော ဘက်မလိုက် မူဝါဒအား စွန့်လွှတ်ကာ NATO အဖွဲ့သို့ ဝင်ရောက်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်လျက် ရှိသည်ဟု သတင်းဌာနက ဖော်ပြထားပါသည်။

            လက်ရှိတွင် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့၏ NATO အဖွဲ့သို့ ဝင်ရောက်နိုင်ရေးနှင့် စပ်လျဉ်း၍ NATO အဖွဲ့ဝင်နိုင်ငံ ၃၀ ရှိသည့်အနက် အဖွဲ့ဝင် ၂၈ နိုင်ငံမှ အတည်ပြု လက်မှတ်ရေးထိုးထားပြီး တူကီယဲနှင့် ဟန်ဂေရီနိုင်ငံတို့သာ အတည်ပြုလက်မှတ် ရေးထိုးရန် ကျန်ရှိပါသည်။ သို့သော်လည်း ဆွီဒင်နိုင်ငံအနေဖြင့် မကြာသေးမီ သီတင်းပတ်များအတွင်းက နိုင်ငံအတွင်း မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြမှုများအတွက် ကုရ်အန်ကျမ်းအား လူသိရှင်ကြား မီးရှို့ဖျက်ဆီးခြင်းကို ခွင့်ပြုခဲ့ခြင်းကြောင့် တူကီယဲ နိုင်ငံ၏ ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်ရလျက်ရှိပါသည်။ အလားတူ ၎င်းနိုင်ငံအတွင်း၌ တူကီယဲနိုင်ငံမှ အကြမ်းဖက်အုပ်စုဟု သတ်မှတ်ထားသော ကာ့ဒ်သူပုန်များအပေါ် ကိုင်တွယ်ထိန်းချုပ်မှုများနှင့်စပ်လျဉ်း၍လည်း တူကီယဲနိုင်ငံ၏ ပြစ်တင်မှုများနှင့် ရင်ဆိုင် ရလျက်ရှိပါသည်။ ထို့ပြင် ဖင်လန်နိုင်ငံ၏ NATO အဖွဲ့သို့ ဝင်ရောက်နိုင်ရေးနှင့် စပ်လျဉ်း၍လည်း တူကီယဲနှင့် ဖင်လန်နိုင်ငံတို့အကြား ပြဿနာအနည်းငယ်ရှိသည်ဟု တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ယခုလအစောပိုင်းက ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment