Thursday, February 9, 2023

အမေရိကန်အစိုးရသည် တူကီယဲနှင့် ဆီးရီးယားနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၈၅ သန်းခန့်တန်ဖိုးရှိ အကူအညီများပေးအပ်သွားမည်ဆိုခြင်း

 Yahoo ; Feb-9(Thu)

            အမေရိကန်အစိုးရသည် ငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ရလျက်ရှိသည့် တူကီယဲနှင့် ဆီးရီးယားပြည်သူများအား အမေရိကန်ဒေါ်လာ ၈၅ သန်းခန့်တန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ် သွားမည်ဟု ပြောကြားခဲ့ကြောင်း Yahoo သတင်းဌာနက ဖေဖော်ဝါရီလ ၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းတို့အစိုးရလက်အောက်ရှိ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (US Agency for International Development-USAID) ၏ ရန်ပုံငွေများထဲမှ အမေရိကန်ဒေါ်လာ ၈၅ သန်းအသုံးပြု၍ တူကီယဲနှင့် ဆီးရီးယားပြည်သူများအတွက် အဆောက်အဦများ၊ စားနပ်ရိက္ခာများ၊ ရေများ၊ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများ၊ အအေးဒဏ်ခံနိုင်ရန်အတွက် လိုအပ်သည့်အဝတ်အထည်များနှင့် စက်ပစ္စည်းများအား ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောကြားထားပါသည်။

            လက်ရှိအချိန်၌ ၎င်းတို့ အေဂျင်စီအနေဖြင့် စုစုပေါင်းအဖွဲ့ဝင် ဦးရေ ၂၀၀ ခန့် ပါဝင်သည့် ကူညီကယ်ဆယ်ရေးဆိုင်ရာအဖွဲ့တစ်ဖွဲ့အား တူကီယဲနိုင်ငံသို့ စေလွှတ်ထားပြီး ဖြစ်ကြောင်းနှင့် ၎င်းအဖွဲ့သည် တူကီယဲနိုင်ငံ အဒီရာမန် (Adiyaman)၊ အက်ဒါနာ (Adana) နှင့် အန်ကာရာ (Ankara) မြို့များတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း USAID ၏ ညွှန်ကြားရေးမှူး ဆာမန်သာပါဝါ (Samantha Power) က ပြောကြားထားပါသည်။ ထို့ပြင် အမေရိကန်တပ်ဖွဲ့ဝင်များကလည်း ငလျင်ဒဏ် ကြောင့် ၎င်းမြို့များရှိ လမ်းများပေါ်ကျရောက်နေသည့် အပျက်အစီးများအား ရဟတ်ယာဉ်များ အသုံးပြု၍ ကူညီဖယ်ရှားပေးလျက်ရှိကြောင်း USAID ၏ လက်ထောက်ညွှန်ကြားရေးမှူး အစ်ဆိုဘယ်ကိုးလ်မန်း (Isobel Coleman) က ပြောကြားထားပါသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်တွင် တူကီယဲနိုင်ငံတောင်ပိုင်းနှင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတို့တွင် အင်အားပြင်းထန်သည့် ငလျင်များလှုပ်ခတ်မှုကြောင့် ၎င်းဒေသများတွင် အဆောက်အဦ အများအပြားပြိုကျပျက်စီးခဲ့ပြီး လူပေါင်းမြောက်မြားစွာ သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment