Anadolu Agency; Mar-18 (Sat)
တူကီယဲ-အီဂျစ် နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးအား အမြင့်ဆုံးအဆင့် အထိ တတ်နိုင်သမျှ မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေး ဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က မတ်လ ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ကာဗူဆိုဂလူအနေဖြင့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဆာမတ်ရှိုခရီ (Sameh Shoukry) နှင့် အီဂျစ်နိုင်ငံ၊ မြို့တော် ကိုင်ရို (Cairo) ၌ နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေး၊ ဒေသတွင်း ကိစ္စရပ်များ၊ နိုင်ငံတကာရေးရာကိစ္စရပ်များ အထူးသဖြင့် ပါလက်စတိုင်းအရေး၊ အကြမ်းဖက် ဝါဒ၊ လက်ရှိ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခတို့နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးမှုပြုလုပ် ပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါ သည်။ နှစ်နိုင်ငံအကြား ကဏ္ဍစုံတိုးတက်ကောင်းမွန်မှုများ ပြန်လည်ဖြစ်ပေါ်လာစေရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍လည်း ပွင့်လင်းမြင်သာသော ဆွေးနွေးမှုများပြုလုပ်ခဲ့ ကြောင်း ကာဗူဆိုဂလူက ဆက်လက်ပြောကြားခဲ့ပါသည်။
ထို့ပြင် တွေ့ဆုံစဉ်အတွင်း နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး၊ သယ်ယူ ပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်ကဏ္ဍအပါအဝင် အခြားသောဘက်ပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှုများ ခိုင်မာအားကောင်းအောင် ဆက်လက်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ကိုလည်း အပြန်အလှန်ထုတ်ဖော်ပြောကြားခဲ့သည်ဟု ကာဗူဆိုဂလူက ပြောကြားခဲ့ ပါသည်။ တူကီယဲနှင့် အီဂျစ်နိုင်ငံတို့သည် အီဂျစ်နိုင်ငံ၌ ၂၀၁၃ ခုနှစ်တွင် စစ်ဘက်က အာဏာသိမ်းမှုဖြစ်ပွားချိန်မှစ၍ နှစ်နိုင်ငံအကြားမိတ်ဖက်ဆက်ဆံရေးအား နှစ်နိုင်ငံသံရုံး များ၌ သံရုံးယာယီတာဝန်ခံသံမှူးအဆင့်သို့ လျှော့ချကာ သံတမန်ဆက်ဆံရေးအား ထိန်းသိမ်း လုပ်ဆောင်ခဲ့ကြပါသည်။ ကာဗူဆိုဂလူသည် ၁၁ နှစ်ခန့်ကြာမြင့်ပြီးနောက် အီဂျစ်နိုင်ငံသို့ ခရီးစဉ်လာရောက်သည့် ပထမဆုံးသော တူကီယဲနိုင်ငံခြားရေးဝန်ကြီး တစ်ဦးဖြစ်ကြောင်းနှင့် ၎င်းအနေဖြင့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဆာမတ်ရှိုခရီ၏ ဖိတ်ကြားချက်အရ အီဂျစ်နိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းဌာန၏ဖော်ပြချက် အရ သိရှိရပါသည်။
သုံးသပ်ချက်
တူကီယဲနိုင်ငံသည် အီဂျစ်နိုင်ငံနှင့် မိတ်ဖက်ဆက်ဆံရေးအား ၁၉၂၅ ခုနှစ်တွင် သံရုံးယာယီတာဝန်ခံသံမှူးအဆင့်နှင့် တည်ထောင်ခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် သံအမတ် အဆင့်သို့ မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ သို့သော်လည်း အီဂျစ်နိုင်ငံ၏ ၂၀၁၃ ခုနှစ် စစ်ဘက်အာဏာသိမ်းမှုဖြစ်ပွားချိန်မှစ၍ နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးအား သံရုံးယာယီတာဝန်ခံသံမှူးအဆင့်သို့ လျှော့ချကာ သံတမန်ဆက်ဆံရေးအား ထိန်းသိမ်း လုပ်ဆောင်ခဲ့ပါသည်။ နှစ်နိုင်ငံအကြား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အမေရိကန်ဒေါ်လာ ၄ ဘီလီယံတန်ဖိုးရှိ သဘာဝဓာတ်ငွေ့ဆိုင်ရာ သဘောတူညီချက် မှာလည်း ယနေ့ထိတိုင် ကြီးမားသောစီမံကိန်းတစ်ခုအဖြစ် တည်ရှိလျက်ရှိပါသည်။ သို့သော်လည်းနှစ်နိုင်ငံအနေဖြင့် သမိုင်းကြောင်းဆိုင်ရာ တင်းမာမှုများ၊ ပထဝီနိုင်ငံရေး ဆိုင်ရာ တင်းမာမှုဖြစ်သော အေဂျီယံ (Aegian) ပင်လယ်ဒေသအတွင်း အချုပ်အခြာ အာဏာအပါအဝင် ဆက်စပ်အခွင့်အရေးများရရှိရေးနှင့်စပ်လျဉ်း၍ အငြင်းပွားမှုများ ကြောင့် နှစ်နိုင်ငံအကြား ပြီးပြည့်စုံသောမိတ်ဖက်ဆက်ဆံရေးတစ်ရပ်ကို ယနေ့ထိ တည်ဆောက်နိုင်ခြင်းမရှိသေးသည်ကို တွေ့ရှိရပါသည်။ လက်ရှိတွင် တူကီယဲနိုင်ငံခြားရေး ဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူသည် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဆာမတ်ရှိုခရီ၏ ဖိတ်ခေါ်ချက်အရ အီဂျစ်နိုင်ငံသို့သွားရောက်ကာ နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများ ပြန်လည်လုပ်ဆောင်နိုင်ရန် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့သည်ကို တွေ့ရှိ ရပါသည်။ သို့ဖြစ်၍ တူကီယဲနှင့် အီဂျစ်နိုင်ငံတို့သည် နှစ်နိုင်ငံအကြား မတူကွဲပြားမှု များကို နိုင်ငံရေးနည်းလမ်း၏ အခြေခံအုတ်မြစ်ဖြစ်သည့် နှစ်နိုင်ငံညှိနှိုင်းအဖြေရှာနည်း (Two State Solution) ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် နှစ်နိုင်ငံအနေဖြင့် ပြီးပြည့်စုံသော မိတ်ဖက်ဆက်ဆံရေး တစ်ရပ်ကို အချိန်တိုအတွင်း တည်ဆောက်နိုင်မည်မဟုတ်သော်လည်း နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်လုပ်ဆောင်ခြင်းမှတစ်ဆင့် မိတ်ဖက် ဆက်ဆံရေးကဏ္ဍ အထိုက်အလျောက် တိုးတက်ကောင်းမွန်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါသည်။
No comments:
Post a Comment