TRT World; Mar-8(Wed)
တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ဘရူနိုင်းဘုရင် ဟာဆန်နယ်ဘိုခီးယား (Hassanal Bolkiah) တို့သည် မတ်လ ၇ ရက်တွင် အာဆီယံနှင့် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization of Islamic Cooperation-OIC) တို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း၏ အရေးပါမှုကို အလေးထားဆွေးနွေးခဲ့ကြောင်း TRT World သတင်းဌာနက မတ်လ ၈ ရက်တွင် ဖော်ပြ ခဲ့ပါသည်။ ၎င်းတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပြီး ကာကွယ်ရေးစက်မှုလုပ်ငန်း၊ စွမ်းအင်၊ စားနပ်ရိက္ခာ၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အစ္စလာမ်ဉပဒေများနှင့်အညီဆောင်ရွက်သည့် ဘဏ္ဍာရေးဆိုင်ရာ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု နောက်ဆုံးအခြေအနေများ၊ ပါလက်စတိုင်း၊ ဘင်္ဂါလီမွတ်စလင်များနှင့် အစ္စလာမ် မုန်းတီးရေးဆိုင်ရာကိစ္စရပ်များ ကိုလည်း ဆွေးနွေးခဲ့ပါသည်။ အလားတူ အာဆီယံနှင့် OIC ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရန် အရေးကြီးကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။ တူကီယဲတောင်ပိုင်းပြည်နယ်များ၌ ဖေဖော်ဝါရီလ ၆ ရက်တွင် ငလျင်ဘေးဒဏ်ခံစားခဲ့ရပြီး အစိုးရ၏ ကြိုးပမ်းအားထုတ်မှု၊ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုတို့နှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အလျင်အမြန် ပြုလုပ်၍ မကြာမီ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိမည်ဟု ယုံကြည်ကြောင်း ဘရူနိုင်းဘုရင် ဟာဆန်နယ်ဘိုခီးယားက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
သုံးသပ်ချက်
တူကီယဲသည် ဘရူနိုင်းနှင့် သံတမန်ဆက်ဆံရေးကို ၁၉၈၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် ထူထောင်ခဲ့သော်လည်း နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ ၂၀၁၂ ခုနှစ်မှ စတင်၍ သိသိသာသာ တိုးတက်လာခဲ့ပါသည်။ တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန်နှင့် ဘရူနိုင်းဘုရင် ဟာဆန်နယ်ဘိုခီးယားတို့အကြား ကောင်းမွန်သောဆက်ဆံရေးရှိပြီး ၎င်းတို့သည် ချစ်ကြည်ရေးခရီးအပြန်အလှန်သွားရောက်ခဲ့မှု မှတ်တမ်းများလည်းရှိပါသည်။ နိုင်ငံခေါင်းဆောင်များ၏ စိတ်ရင်းမှန်ဖြင့် ပေါင်းသင်းဆက်ဆံမှုသည် ပထဝီအနေအထား အရ ဝေးကွာသော်လည်း အမြဲနီးကပ်နေသည့် ညီရင်းအစ်ကိုပမာ အသိုင်းအဝိုင်းနှစ်ခုကြား ဆက်ဆံရေးကို တိုးမြင့်လာစေခဲ့ပါသည်။ နှစ်နိုင်ငံ၏ တူညီသော ဘာသာရေး၊ ယဉ်ကျေး မှုနှင့် ဓလေ့ထုံးတမ်းများသည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၎င်းတို့သည် ကုလသမဂ္ဂ (UN) နှင့် အစ္စလာမ္မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင်နိုင်ငံများဖြစ်သလို တူကီယဲသည် အာဆီယံနှင့် ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတို့သည် အဆိုပါအဖွဲ့အစည်း များအတွင်း အောင်မြင်သော ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ဆက်ဆံရေးကဏ္ဍတို့တွင် ပိုမိုတိုးတက်ကောင်းမွန် လာမည်ဖြစ်ပြီး အနာဂတ် ဘရူနိုင်း-တူကီယဲဆက်ဆံရေးသည် လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်လာမည်ဟု သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment