Wednesday, March 22, 2023

တူကီယဲနှင့် အီရတ်တို့အကြား သယ်ယူပို့ဆောင်ရေးဆိုင်ရာမီးရထားစင်္ကြံလမ်း တစ်ခုကို ဖောက်လုပ်သွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတ ပြောကြားခဲ့ခြင်း

Xinhua;Mar-22(Wed)

တူကီယဲနှင့် အီရတ်နိုင်ငံတို့အနေဖြင့် အီရတ်နိုင်ငံ၊ ဘာစရာ (Basra) စီရင်စုမှ တူကီယဲနိုင်ငံနယ်စပ်အထိ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုနှင့် သယ်ယူပို့ဆောင်ရေး ဆိုင်ရာမီးရထားစင်္ကြံလမ်းတစ်ခုကို ဖောက်လုပ်သွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က မတ်လ ၂၁ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။ အာဒိုဂန်အနေဖြင့် တူကီယဲနိုင်ငံသို့ အလည်အပတ်ရောက်ရှိလျက် ရှိသော အီရတ်ဝန်ကြီးချုပ် မိုဟာမတ်ရှီယာအယ်လ်ဆူဒါနီ (Mohammed Shia’ al-Sudani) နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်မှုအတွင်း၌ အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ၎င်းသယ်ယူပို့ဆောင်ရေးဆိုင်ရာ မီးရထားစင်္ကြံလမ်းဖောက်လုပ်ရေး စီမံကိန်းကို ဒေသတွင်းပိုးလမ်းမသစ်တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွား နိုင်မည်ဟု ယုံကြည်ကြောင်း အာဒိုဂန်က ထည့်သွင်းပြောကြားခဲ့ပါသည်။

တူကီယဲနိုင်ငံအနေဖြင့် အီရတ်နိုင်ငံ၏ ရေရှားပါးမှုပြဿနာများ ကိုင်တွယ် ဖြေရှင်းမှုအပေါ်တွင်လည်း အထောက်အကူဖြစ်စေရန်အတွက် တီဂရစ် (Tigris) မြစ်မှ ပေးလွှတ်လျက်ရှိသည့် ရေပမာဏကိုလည်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အာဒိုဂန်က ပြောကြားထားပါသည်။ မိုဟာမတ်ရှီယာအယ်လ်ဆူဒါနီမှလည်း အီရတ်နိုင်ငံသည် မိုးခေါင် ရေရှားပါးမှုပြဿနာများကို မကြာခဏ ရင်ဆိုင်ခံစားရလျက်ရှိသောကြောင့် အီရတ် နိုင်ငံအတွင်း လိုအပ်သောရေပမာဏရရှိစေရန် တူကီယဲနိုင်ငံရှိ ဟူဖရိတ်စ် (Huphrates) မြစ် အပါအဝင် တီဂရစ်မြစ်တို့မှပေးလွှတ်သော ရေပမာဏအားတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ သည်ဟု သတင်းဌာနက ဖော်ပြထားပါသည်။ ခေါင်းဆောင်နှစ်ဦးအနေဖြင့် တွေ့ဆုံ ဆွေးနွေးမှုအတွင်း၌လည်း ဘက်ပေါင်းစုံ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို နှစ်နိုင်ငံ အတူတကွလက်တွဲလုပ်ဆောင်သွားရန် ထပ်လောင်းအတည်ပြုပြောကြား ခဲ့သည်ဟု သတင်းဌာန၏ဖော်ပြချက်အရ သိရှိရပါသည်။

No comments:

Post a Comment