Anadolu Agency; May-6(Sat)
ကိုဆိုဗိုစစ်ဘက်အနေဖြင့် တူကီယဲနိုင်ငံထုတ် Bayraktar TB2 အမျိုးအစား ဒရုန်း ၅ စင်း လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း Anadolu Agency သတင်းဌာနက မေလ ၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ Bayraktar TB2 အမျိုးအစား ဒရုန်းများသည် မြေပြင်မှ ထိန်းချုပ်သည့် စွမ်းဆောင်ရည်မြင့် တိုက်ခိုက်ရေးဒရုန်းများဖြစ်ကြပါသည်။ ဒရုန်း ထုတ်လုပ်သည့်ကုမ္ပဏီနှင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ၇ လအကြာမှသာ ဒရုန်းများကို လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းသတင်းဌာနက ဖော်ပြခဲ့ပါသည်။ ထို့ပြင် ကိုဆိုဗိုစစ်ဘက် အနေဖြင့် Defender Europe 23 ဟု အမည်ပေးထားသည့် အကြီးဆုံးနိုင်ငံတကာ စစ်ရေးလေ့ကျင့်ခန်းစတင်ပြုလုပ်နေချိန်တွင် ၎င်းဒရုန်းများကိုရရှိခဲ့ခြင်းဖြစ်ပါသည်။
အမေရိကန်ဦးဆောင်သည့် အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို ကိုဆိုဗိုက အိမ်ရှင် အဖြစ် ဒုတိယအကြိမ်မြောက်လက်ခံပြုလုပ်ခြင်းဖြစ်ပြီး ကိုဆိုဗိုတပ်ဖွဲ့ဝင် ၁,၁၀၀ ကျော် ပါဝင်လေ့ကျင့်သွားမည်ဖြစ်ပါသည်။ ယူကရိန်း၊ ကာတာ၊ အဇာဘိုင်ဂျန်နှင့် ပိုလန်နိုင်ငံများ သည် တူကီယဲနိုင်ငံထုတ်တိုက်ခိုက်ရေးဒရုန်းများကို ဝယ်ယူထားကြပြီး အယ်လ်ဘေးနီးယား နှင့် ဆားဘီးယားတို့ကလည်း ဝယ်ယူရန် စိတ်ဝင်စားကြောင်း ပြောကြားထားပါသည်။ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခစတင်ဖြစ်ပွားခဲ့ချိန်မှစ၍ Bayraktar TB2 နှင့် Bayraktar Akinci အမျိုးအစား တိုက်ခိုက်ရေးဒရုန်းတို့သည် ဥရောပတစ်ခွင်၌ ဝယ်ယူမှုမြင့်တက် လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment