Monday, May 22, 2023

တူကီယဲရွေးကောက်ပွဲတွင် တတိယနေရာရရှိခဲ့သည့် ကိုယ်စားလှယ်လောင်းက အာဒိုဂန်ကို ထောက်ခံသွားမည်ဆိုခြင်း

 CNN; May-22(Mon)

တူကီယဲနိုင်ငံ၏ သမ္မတရွေးကောက်ပွဲပထမအကျော့တွင် တတိယနေရာရရှိခဲ့ သည့် ကိုယ်စားလှယ်လောင်း ဆင်နန်အိုဂန် (Sinan Ogan) သည် ထပ်မံပြုလုပ်မည့် ဒုတိယအကျော့ရွေးကောက်ပွဲတွင် သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) အား ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု CNN သတင်း ဌာနက မေလ ၂၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူကီယဲ၌ မေလ ၁၄ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် ခိုင်လုံမဲ ၅၀ ရာခိုင်နှုန်းအထက် ရရှိသည့် ကိုယ်စားလှယ်လောင်းထွက်ပေါ်ခဲ့ခြင်းမရှိခဲ့သဖြင့် လာမည့်မေလ ၂၈ ရက်တွင် ကျင်းပ ပြုလုပ်မည့် ဒုတိယအကျော့ရွေးကောက်ပွဲတွင် ပထမအကျော့က မဲအများဆုံးရရှိခဲ့သည့် ကိုယ်စားလှယ်လောင်း ၂ ဦး ပြန်လည်ယှဉ်ပြိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ပထမ အကျော့တွင် မဲအရေအတွက် ၅.၁၇ ရာခိုင်နှုန်းရရှိခဲ့သည့် အိုဂန် သည် ၎င်း၏ပြိုင်ဘက် ခမဲလ်ခီလစ်ဒါရိုဂလူ (Kemal Kilicdaroglu) အစား လက်ရှိသမ္မတ အာဒိုဂန်ကို ထောက်ခံ သွားမည်ဖြစ်ကြောင်း မြို့တော် အန်ကာရာ (Ankara) ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။ အာဒိုဂန်သည် ပထမအကျော့တွင် ထောက်ခံမဲ ၄၉.၅၂ ရာခိုင်နှုန်းရရှိခဲ့ပြီး ၎င်း၏ပြိုင်ဘက် ခီလစ်ဒါရိုဂလူ ထက် ၅ မဲ အသာရရှိခဲ့ပါသည်။
လက်ရှိတွင် ပြည်သူ့မဟာမိတ်ပါတီသမ္မတ ရီဆက်တေရစ်အာဒိုဂန်ကို ထောက်ခံ ကြောင်းနှင့် ပထမအကျော့တွင် မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်များကိုလည်း အာဒိုဂန်ကို မဲပေးရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း အိုဂန်က ပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းသည် နိုင်ငံအတွင်းရှိ ပြည်သူများအတွက် မှန်ကန်သည့်ရွေးချယ်မှု ဖြစ်ကြောင်းနှင့် တူကီယဲနိုင်ငံသည် အရေးကြီးသောအခိုက်အတန့်တွင် ရောက်ရှိနေပြီး အရေးပေါ်ဖြေရှင်းရန်လိုအပ်သည့် ဦးစားပေးကိစ္စရပ်များအား ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ခြင်းတို့ကြောင့် ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း အိုဂန်က ပြောကြားခဲ့ သည်ဟု သိရှိရပါသည်။

သုံးသပ်ချက်

တူကီယဲနိုင်ငံသည် နိုင်ငံစတင်ထူထောင်ချိန်မှစ၍ ၁၉၅၀ ပြည့်နှစ်အထိ တစ်ပါတီတည်းမှ အုပ်ချုပ်သည့်စနစ်ကို ကျင့်သုံးခဲ့ပြီး ၁၉၅၀ ပြည့်နှစ်မှစ၍ ပါလီမန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သောနိုင်ငံဖြစ်ပါသည်။ ၁၉၆၁ ခုနှစ်တွင် ပြင်ဆင်ရေးဆွဲခဲ့ သော ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် ၂ ရပ်ရှိခဲ့ပြီး ၁၉၈၂ ခုနှစ်၌ ပြင်ဆင် အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေအရ Grand National Assembly ဟုခေါ်သော လွှတ်တော်တစ်ရပ်တည်းသာထားရှိကာ လွှတ်တော်၌ အမတ်နေရာ ၅၅၀ နေရာ ပါဝင် ခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ချက်များအရ နိုင်ငံရေးစနစ်အား ပါလီမန်ဒီမိုကရေစီစနစ်မှ သမ္မတဦးဆောင်သော ပါတီစုံဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့ပြီး လွှတ်တော်အမတ် နေရာကိုလည်း ၆၀၀ အထိ တိုးမြှင့်ထားရှိခဲ့ပါသည်။

တူကီယဲနိုင်ငံ၌ မေလ ၁၄ ရက်တွင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲများ၌ People’s Alliance ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် သမ္မတ ရီဆက်တေရစ်အာဒိုဂန်၊ Nation Alliance ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ခမဲလ်ခီလစ်ဒါရိုဂလူ နှင့် Ancestral Alliance ပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ဆင်နန်အိုဂန် တို့က ဝင်ရောက် ရွေးကောက်ခံခဲ့ကြပါသည်။ ရွေးကောက်ပွဲ၌ သမ္မတ ရီဆက်တေရစ်အာဒိုဂန် က ထောက်ခံမဲ ၄၉.၅၂ ရာခိုင်နှုန်း၊ အတိုက်အခံခေါင်းဆောင် ခမဲလ်ခီလစ်ဒါရိုဂလူ က ၄၄.၉၉ ရာခိုင်နှုန်းနှင့် ကိုယ်စားလှယ်လောင်း ဆင်နန်အိုဂန် က ၅.၂၈ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ပါသည်။ ရွေးကောက်ခံကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲ အတွင်း ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းရရှိမှသာ အစိုးရဖွဲ့နိုင်မည်ဖြစ်သောကြောင့် ထောက်ခံမဲ အများဆုံးရရှိသည့် သမ္မတ အာဒိုဂန်နှင့် အတိုက်အခံခေါင်းဆောင် ခမဲလ်ခီလစ်ဒါရိုဂလူ တို့သည် ဒုတိယအကျော့ရွေးကောက်ပွဲကို လာမည့်မေလ ၂၈ ရက်တွင် ထပ်မံယှဉ်ပြိုင် သွားရမည် ဖြစ်ပါသည်။



သမ္မတ အာဒိုဂန်သည် ၂၀၀၃ ခုနှစ်မှစ၍ ဝန်ကြီးချုပ်ရာထူးဖြင့်လည်းကောင်း၊ သမ္မတရာထူးဖြင့်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း နိုင်ငံရေးအလှည့်အပြောင်းများစွာကို တည်ငြိမ်အေးချမ်းစွာဖြေရှင်းနိုင်ခဲ့ကြောင်း တွေ့ရှိ ရပါသည်။ အတိုက်အခံပါတီများသည် တူကီယဲ၏ စီးပွားရေးကျဆင်းမှု၊ နိုင်ငံသား အခွင့်အရေးနှင့် လွတ်လပ်ခွင့်များ ယိုယွင်းလာမှုတို့နှင့်ပတ်သက်၍ သမ္မတ အာဒိုဂန် အပေါ် ပြစ်တင်ဝေဖန်ခဲ့ပြီး ပြန်လည်ပြင်ဆင်ထားသော အုပ်ချုပ်ရေးစနစ်သစ်သည်လည်း လူတစ်ဦးတည်းက ကြီးစိုးခြယ်လှယ်သည့် အုပ်ချုပ်မှုစနစ်သာဖြစ်ကြောင်း ပြောကြား ထားပါသည်။ သို့သော် ရွေးကောက်ပွဲ၌ တတိယနေရာရရှိခဲ့သည့် ကိုယ်စားလှယ်လောင်း အိုဂန်သည် သမ္မတ အာဒိုဂန်အပေါ် ထောက်ခံလာခဲ့သည့်အပြင် ပြည်သူများ၏ ထောက်ခံမှု အများဆုံးရရှိရန်အတွက်လည်း မဲပေးရန် စည်းရုံးလှုံ့ဆော်လာခဲ့ခြင်းသည် လက်ရှိ သမ္မတ အာဒိုဂန်အနေဖြင့် လာမည့်ဒုတိယအကျော့ရွေးကောက်ပွဲတွင် ပြိုင်ဘက်ပါတီကို မဲအရေအတွက်အသာဖြင့် အနိုင်ရရှိနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment