Monday, May 22, 2023

ရုရှားနိုင်ငံအပေါ် (၁၁)ကြိမ်မြောက် အရေးယူပိတ်ဆို့မှုချမှတ်နိုင်ရေး ဥရောပသမဂ္ဂ၏အဆိုပြုချက်များကို ဟန်ဂေရီနိုင်ငံက မထောက်ခံခြင်း

TASS; May-22(Mon)


ရုရှားနိုင်ငံအပေါ် (၁၁)ကြိမ်မြောက် အရေးယူပိတ်ဆို့မှုများချမှတ်ရန် ဥရောပ ကော်မရှင်က ရေးဆွဲထားသည့် အဓိကပြဋ္ဌာန်းချက်ကို ဟန်ဂေရီနိုင်ငံအနေဖြင့် မထောက် ခံကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) က မေလ ၂၂ ရက်တွင်ပြောကြားခဲ့ပါသည်။ ထို့ပြင် ဥရောပငြိမ်းချမ်းရေးအစီအစဉ်မှ ယူကရိန်း နိုင်ငံသို့ အခြားသောစစ်ရေးအကူအညီများ ပေးအပ်နိုင်ရေး ဆောင်ရွက်ရာတွင်လည်း ထောက်ခံသွားမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ဥရောပ နိုင်ငံများအနေဖြင့် ဥရောပငြိမ်းချမ်းရေးအစီအစဉ်မှ ယူကရိန်းနိုင်ငံသို့ စစ်ရေးအကူအညီ ပေးအပ်ရာတွင် ယူရို သန်း ၅၀၀ ထိတိုးမြှင့်ထောက်ပံ့ပေးအပ်ရန် လိုလားလျက် ရှိကြောင်းနှင့် ယူကရိန်းနိုင်ငံစစ်ရေးအသုံးစရိတ်အတွက် ယူရို သန်း ၅၀၀ သုံးစွဲမည့် အဆိုပြုချက်အပေါ် ဟန်ဂေရီနိုင်ငံအနေဖြင့် သဘောတူညီသွားမည်မဟုတ်ကြောင်း ဘရပ်ဆဲလ်မြို့၌ပြုလုပ်သည့် ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ခေတ္တ ရပ်နားစဉ် ဆီဂျာတိုက သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

ဟန်ဂေရီနိုင်ငံအနေဖြင့် လက်ရှိတွင် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းမပြုသကဲ့သို့ နောင်တွင်လည်း ထောက်ပံ့ပေးအပ်သွားမည် မဟုတ် ကြောင်းနှင့် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများပေးပို့ခြင်းသည် စစ်ပွဲအရှိန်ကို ပိုမိုတိုးမြင့်စေပြီး စစ်ပွဲကိုလည်း ပိုမိုကြာမြင့်စေကြောင်း ၎င်းက မှတ်ချက်ပြုပြောကြား ထားပါသည်။ နျူကလီးယားစွမ်းအင်နယ်ပယ်တွင် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှုကို ကန့်သတ်မည့် ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုများကို ကန့်ကွက်သွားမည်ဖြစ်ပြီး ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ခြင်းသည် ရုရှားနိုင်ငံထက် ဥရောပနိုင်ငံ များအပေါ် ပိုမိုထိခိုက်စေသောကြောင့် ရုရှားနိုင်ငံအပေါ် (၁၁)ကြိမ်မြောက် အရေးယူ ပိတ်ဆို့မှုချမှတ်ခြင်းများကို မပြုလုပ်သင့်ကြောင်း ဆီဂျာတိုက ပြောကြားထားပါသည်။ (၁၁)ကြိမ်မြောက် အရေးယူပိတ်ဆို့မှုချမှတ်ခြင်းများနှင့်စပ်လျဉ်း၍ ဟန်ဂေရီနိုင်ငံအပြင် အခြားသောနိုင်ငံများသည်လည်း ကန့်ကွက်မှုများပြုလုပ်လျက်ရှိကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ ဂျိုးဆက်ဘော်ရယ်လ် (Josep Borrell) က ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။
သုံးသပ်ချက်

ဟန်ဂေရီနိုင်ငံသည် ၎င်းနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ဖြစ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့အများအပြားအား ရုရှားနိုင်ငံမှ ဝယ်ယူရလျက်ရှိသောကြောင့် ရုရှား နိုင်ငံနှင့်စွမ်းအင်ကဏ္ဍအပါအဝင် အခြားသောစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိပြီး ကောင်းမွန်သည့်ဆက်ဆံရေးတစ်ရပ်အား တည်ဆောက်ထားရှိ ပါသည်။ ဟန်ဂေရီနိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သလို NATO အဖွဲ့ဝင်နိုင်ငံ တစ်ခုလည်းဖြစ်ပါသည်။ သို့သော် ဟန်ဂေရီနိုင်ငံသည် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခတွင် ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းမပြုသလို ဥရောပသမဂ္ဂနှင့် အမေရိကန် ဦးဆောင်သော အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ ချမှတ်ရာတွင်လည်း ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။

ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းသည် ရုရှားနိုင်ငံထက် ဥရောပနိုင်ငံများအပေါ် ပိုမိုထိခိုက်စေကြောင်းနှင့် ဟန်ဂေရီနိုင်ငံ၏ စွမ်းအင်လုံခြုံရေး အပေါ် ထိခိုက်စေမည့် မည်သည့်အရေးယူပိတ်ဆို့မှုမျိုးကိုမဆို ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားပါသည်။ နျူကလီးယား စွမ်းအင်နယ်ပယ်တွင် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှုကို ကန့်သတ်မည့် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများအပါအဝင် ရုရှားနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဥရောပရှိ တရုတ်ကုမ္ပဏီများအပေါ် ကန့်သတ်ချက်များချမှတ်မည့် အဆိုပြုချက်များကိုလည်း ဟန်ဂေရီနိုင်ငံအနေဖြင့် သဘောတူထောက်ခံခြင်းမရှိကြောင်း တွေ့ရှိရပါသည်။



လက်ရှိတွင်လည်း ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်နိုင်ရေး ဥရောပကော်မရှင်က အဆိုပြုထားသည့် အရေးယူပိတ်ဆို့မှုဆိုင်ရာ အချက်အများ အပြားကို မထောက်ခံကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးက မေလ ၂၂ ရက်တွင် မှတ်ချက်ပြုပြောကြားထားပါသည်။ ဟန်ဂေရီနိုင်ငံသည် ရုရှားနိုင်ငံ၏ စွမ်းအင်အများအပြား အပေါ် မှီခိုနေရမှုများကြောင့် ရုရှားနိုင်ငံနှင့် ဆက်ဆံရေးအား ဆက်လက်ကောင်းမွန်စွာ တည်ဆောက်နိုင်ရေးအတွက် ရုရှားနိုင်ငံအပေါ် ချမှတ်သော အရေးယူပိတ်ဆို့မှုများအား မထောက်ခံခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ ဟန်ဂေရီနိုင်ငံ၏ အထက်ပါ ဆုံးဖြတ်ချက်သည် ၎င်းနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအား ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ရုရှား-ယူကရိန်းပဋိပက္ခ ကြာမြင့်လာသည်နှင့်အမျှ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအချင်းချင်း စည်းလုံးမှုပြိုကွဲလာနိုင်ကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။

No comments:

Post a Comment