Tuesday, May 30, 2023

NATO သည် ကိုဆိုဗိုသို့ တပ်ဖွဲ့ဝင် ၇၀၀ ဦးကျော်စေလွှတ်မည်ဆိုခြင်း

AP; May-30(Tue)

ဆာ့ဘ်လူမျိုးများနှင့်တင်းမာမှုများ မြင့်တက်လာခဲ့ပြီး နိုင်ငံတကာတပ်ဖွဲ့ဝင် ၃၀ ဦးဒဏ်ရာရရှိခဲ့ပြီးနောက် ကိုဆိုဗိုမြောက်ပိုင်းသို့ တပ်ဖွဲ့ဝင် ၇၀၀ ဦးကျော် စေလွှတ် မည်ဟု NATO အတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာ့ဂ် (Jens Stoltenberg) က ပြောကြား ခဲ့ကြောင်း AP သတင်းဌာနက မေလ ၃၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ နော်ဝေဝန်ကြီးချုပ် ဂျိုးနက်စ်ဂါးစတို (Jonas Gahr Store) နှင့် နော်ဝေနိုင်ငံ၊ အော်စလို (Oslo) မြို့၌ တွေ့ဆုံ ဆွေးနွေးမှုအပြီး ဂျန်စတိုတန်ဘာ့ဂ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် လိုအပ်ပါက အရန်တပ်များလည်း ထားရှိမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုကို ရှုတ်ချပြီး ကိုဆိုဗိုပြည်သူများအတွက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရရှိစေရန် လိုအပ်သည့် လုပ်ဆောင်ချက်အားလုံးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျန်စတိုတန်ဘာ့ဂ်က ပြောကြားခဲ့ပါသည်။

KFOR တပ်ဖွဲ့များသည် မေလ ၂၉ ရက်တွင် ဆာ့ဘ်လူမျိုးများနှင့် တင်းမာမှုများ မြင့်တက်ခဲ့ပြီးနောက် ဇဘက်ကန် (Zvecan) မြို့ရှိ အုပ်ချုပ်ရေးအဆောက်အအုံများအား မေလ ၃၀ ရက်တွင် သတ္တုခြံစည်းရိုးများ၊ သံဆူးကြိုးတပ်အတားအဆီးများဖြင့် ပိတ်ဆို့ ကာရံခဲ့ပါသည်။ ဒဏ်ရာရရှိခဲ့သည့် တပ်ဖွဲ့ဝင် ၃၀ ဦးသည် အီတလီလူမျိုး ၁၁ ဦးနှင့် ဟန်ဂေရီလူမျိုး ၁၉ ဦးတို့ဖြစ်ကြောင်းနှင့် ဆန္ဒပြသူ ၄ ဦးအား ဖမ်းဆီးထိန်းသိမ်းထား ကြောင်း KFOR က ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထို့ပြင် အဆိုပါပဋိပက္ခအတွင်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သူ ၃ ဦးအပါအဝင် ပြည်သူ ၅၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဆာ့ဘ်လူမျိုး တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment