Navyrecognition; Jul-4 (Sat)
တူရကီကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း
(Turkish Defense Industry Association) သည် မည်သည့်ရာသီဥတု၌မဆို အသုံးပြုပစ်ခတ်နိုင်သော
ATMACA အမည်ရှိ ပြည်တွင်းထုတ် တာဝေးပစ်သင်္ဘောဖျက်ဒုံးကျည်စနစ်အား
အောင်မြင်စွာစမ်းသပ် ပစ်ခတ်နိုင်ခဲ့သည်ဟု ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းဥက္ကဋ္ဌ
အစ္စမေလ်းဒီမီရာ (Ismail Demir) က ဇူလိုင်လ ၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အဆိုပါ
ဒုံးကျည် လက်နက်စနစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား
တူရကီကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းနှင့် တူရကီအခြေစိုက် ဒုံးကျည်ထုတ်လုပ်ရေးကုမ္ပဏီ
ROKETSAN တို့အကြား ၂၀၀၉ ခုနှစ်တွင် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီးနောက်ပိုင်း
စတင်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ATMACA အမျိုးအစား သင်္ဘောဖျက်ဒုံးကျည်များသည်
၂၀၀ ကီလိုမီတာအကွာအဝေးရှိ ပစ်မှတ်အား တိကျစွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့သည်ဟု
ဒီမီရာက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ပြင်
၎င်းဒုံးကျည်စနစ်များသည် ရေပြင်မှရေပြင်ပစ် တာဝေးပစ်အမျိုးအစားဖြစ်ပြီး ကင်းလှည့်ရေယာဉ်များ၊ ဖရီးဂိတ်စစ်သင်္ဘောများနှင့် ကော်ဗတ်စစ်ရေယာဉ်များ၌
ပေါင်းစပ် ထည့်သွင်းအသုံးပြုနိုင်ကြောင်း ဒီမီရာက ထုတ်ဖော်ပြောကြားခဲ့ပါသည်။
အဆိုပါ ATMACA သင်္ဘောဖျက်ဒုံးကျည်များအား တူရကီကာကွယ်ရေးပစ္စည်း
ထုတ်လုပ်ရေးလုပ်ငန်းလက်အောက်ရှိ ရေတပ်ဆိုင်ရာသုတေသနဗဟိုဌာန
(Navy Research Centre Command) နှင့် ROKETSAN တို့အကြား သုတေသနလုပ်ငန်းများ
ဆောင်ရွက်ခဲ့ ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။
တူရကီရေတပ်အနေဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ အတွင်းကလည်း TCG Kinaliada နှင့်
Ada အတန်းအစား ကော်ဗတ်စစ်ရေယာဉ်များဖြင့် ပင်လယ်နက်အတွင်း အလားတူ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများအား
ပြုလုပ်ခဲ့ပါသည်။ ယခုအောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့သော
ATMACA ဒုံးကျည်စနစ်တွင် GPS လမ်းညွှန် စနစ်သုံး
ထိန်းချုပ်မှုစနစ်များပါဝင်ပါသည်။ ATMACA သင်္ဘောဖျက်ဒုံးကျည်သည် အကွာအဝေး
၂၈၀ မှ ၃၆၀ ကီလိုမီတာအထိပစ်ခတ်နိုင်ပြီး ၂၅၀ ကီလိုဂရမ်ရှိ
ပေါက်ကွဲအားပြင်းထန်သော ထိပ်ဖူးတပ်ဆင်ထားပါသည်။
ဒုံးကျည်အလေးချိန် ၈၀၀ ကီလိုဂရမ်ရှိကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
တူရကီနိုင်ငံသည် အာရှနှင့်ဥရောပဒေသအား ဆက်သွယ်ထားသော မဟာဗျူဟာ
ကျသည့် ပထဝီအနေအထားအားပိုင်ဆိုင်ထားရှိပြီး လက်ရှိအချိန်တွင်
နိုင်ငံ၏ကာကွယ်ရေး စွမ်းအားကို ပိုမိုမြှင့်တင်လျက်ရှိပါသည်။ အထူးသဖြင့် ၎င်းတို့၏
ရေနံနှင့်သဘာဝဓါတ်ငွေ့ တူးဖော်မှုလုပ်ငန်းများအား
အကာအကွယ်ပေးနိုင်ရေးအတွက် မြေထဲပင်လယ်အား လွှမ်းမိုး ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ထိုသို့လုပ်ဆောင်ရာတွင်
စစ်ရေယာဉ်သစ်များ၊ ရေငုတ်သင်္ဘောများအား ပြည်တွင်း၌ပင် တပ်ဆင်ထုတ်လုပ်နိုင်ရန်
စီစဉ်လုပ်ဆောင်ခဲ့ပြီး ယခုအခါ သင်္ဘောဖျက်ဒုံးကျည်များကိုပါ ပြည်တွင်း၌တပ်ဆင်ထုတ်လုပ်နိုင်ရန်
ဆောင်ရွက် လာခဲ့ခြင်းဖြစ်ပါသည်။ ယခု စမ်းသပ်ပစ်ခတ်ခဲ့သော ATMACA သင်္ဘောဖျက်ဒုံးကျည်သည်
တာဝေးပစ်ဒုံးကျည်ဖြစ်ပြီး အကွာအဝေးကီလိုမီတာ ၂၈၀
မှ ၃၆၀ အထိ ပစ်ခတ်နိုင်စွမ်းရှိပါ သည်။ GPS လမ်းညွှန်စနစ်များ ထည့်သွင်းထားရှိပြီး
ပစ်မှတ်သင်္ဘောများအား တိကျစွာ ပစ်ခတ်နိုင်စွမ်းရှိရာ အဆိုပါဒုံးကျည်စမ်းသပ်အောင်မြင်မှုသည်
တူရကီ၏ ဒေသတွင်း ပြိုင်ဘက်နိုင်ငံများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်ပါသည်။ လက်ရှိအချိန်တွင်လည်း
အနောက်အာရှရှိ မတည်ငြိမ်မှုနှင့် ခြိမ်းခြောက်မှုများသည် ဒေသတွင်းနှင့် အခြားဒေသ များရှိ တူရကီ၏ စွမ်းအားရည်မှန်းချက်အပေါ် အကြီးမားဆုံးစိန်ခေါ်လျက်ရှိပါသည်။
ဤအခြေအနေတွင် သမ္မတ အာဒိုဂမ်က တူရကီသည် နိုင်ငံရေး၊
စီးပွားရေးနှင့် သံတမန်ရေး အရနည်းပညာကို
တိုးမြှင့်အောင်လုပ်ဆောင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ တူရကီ၏ ကာကွယ်ရေးသွင်းကုန်များသည် ၂၀၁၈ ခုနှစ်တွင် ၃၅
ရာခိုင်နှုန်းမှ ၂၀၂၀ ပြည့်နှစ် တွင် ၈၀ ရာခိုင်နှုန်းလျှော့ချခဲ့ပြီး ၂၀၃၃ ခုနှစ်တွင်
တင်ပို့မှုစွမ်းရည် ဘီလီယံ ၅၀ နှင့် ကမ္ဘာ ပေါ်ရှိ ထိပ်တန်းကုမ္ပဏီ ၁၀၀ တွင်
တူရကီကာကွယ်ရေးလုပ်ငန်းသည် အနည်းဆုံး ၁၀ ခု ပါရှိရန် ရည်ရွယ်ထားရှိပါသည်။ ထို့ကြောင့်
ခေတ်ပြိုင်စစ်ရေးနည်းပညာတွင် တူရကီ သည် စွမ်းအင်နှင့် ဩဇာလွှမ်းမိုးမှုများစွာဖြစ်ပေါ်လျက်ရှိသော
ဒေသ၏အင်အားကြီးနိုင်ငံ ဖြစ်လာရန်အတွက် အင်အားကြီးမားသော
ကာကွယ်ရေးကဏ္ဍကိုတည်ဆောက်ရန် အပြင်းအထန်ကြိုးပမ်း၍
၎င်း၏ ပထဝီနိုင်ငံရေးဆိုင်ရာပါဝင်မှုနှင့် ဒေသတွင်းမဟာဗျူဟာမြောက် လွှမ်းမိုးမှုနယ်ပယ်ကိုချဲ့ထွင်ရန်အတွက် စစ်ရေးတည်ဆောက်မှုတစ်ခုသာဖြစ်ကြောင်း
သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment