Al-monitor; Mar-12 (Fri)
အစ္စရေးရေတပ်သည် ဆိုက်ပရပ်စ်၊ ဂရိနှင့် ပြင်သစ်နိုင်ငံတို့နှင့်အတူ ယခုရက် သတ္တပတ်အတွင်း မြေထဲပင်လယ်အရှေ့ပိုင်း၌ “Noble Dina” အမည်ရှိ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းတစ်ရပ်အားဆောင်ရွက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က မတ်လ ၁၂ ရက်တွင် ပြောကြားခဲ့ပါသည်။ ၎င်းတို့ ၄ နိုင်ငံသည် တူရကီနှင့်တင်းမာမှုများ မြင့်တက်လျက် ရှိနေစဉ်အတွင်း ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ထပ်မံတိုးမြှင့်လျက် ရှိပါသည်။ ၎င်းစစ်ရေးလေ့ကျင့်ခန်းအား ရေအောက်စစ်ဆင်မှုများ၊ ရှာဖွေကယ်ဆယ်ရေး၊ ရှာဖွေကင်းထောက်ခြင်းနှင့် ရေပေါ်တိုက်ခိုက်ရေးစွမ်းရည်များ မြင့်တက်လာစေရန် ရည်ရွယ်၍ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးရေတပ်စစ်ဆင်ရေးများ၏ အကြီးအကဲ ရေတပ်ဗိုလ်ချုပ် အီရယ်ဟာရယ် (Eyal Harel) က ပြောကြားခဲ့ပါသည်။
၎င်းစစ်ရေးလေ့ကျင့်ခန်းတွင် ရေငုပ်သင်္ဘောဖျက်စစ်ရေးလေ့ကျင့်ခန်းများ၊ ဖြစ်နိုင်ဖွယ်ရှာဖွေကယ်ဆယ်မှုလေ့ကျင့်ခန်းများနှင့် စစ်သင်္ဘောများအကြား ဖြစ်နိုင်ဖွယ် တိုက်ပွဲများကို သဏ္ဌာန်တူပြုလုပ်၍လေ့ကျင့်ခဲ့ပြီး မတ်လ ၁၁ ရက်တွင် ၎င်းစစ်ရေး လေ့ကျင့်ခန်းအား အဆုံးသတ်ခဲ့ကြောင်း ဟာရယ်ကထပ်လောင်းပြောကြားခဲ့ပါသည်။ အစ္စရေး၊ ဆိုက်ပရပ်စ်နှင့် ဂရိနိုင်ငံတို့၏ ကာကွယ်ရေးဝန်ကြီးများသည် ပြီးခဲ့သည့် နိုဝင်ဘာလတွင်တွေ့ဆုံခဲ့ကြပြီး စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် သွားရန် သဘောတူခဲ့ပါသည်။ အစ္စရေး၊ ဆိုက်ပရပ်စ်နှင့်ဂရိနိုင်ငံတို့သည် ဥရောပသို့ တင်ပို့မည့် ရေအောက်သဘာဝဓာတ်ငွေ့အဓိကပိုက်လိုင်းတစ်ခုကို ၂၀၂၅ ခုနှစ်တွင် အပြီးသတ်တည်ဆောက်သွားရန် ရည်မှန်းချက်ထားလျက်ရှိသည့်အပြင် အခြားသော အခြေခံအဆောက်အဦစီမံကိန်းများ၌လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရပါသည်။
No comments:
Post a Comment