Monday, March 8, 2021

ဂရိနှင့် အီဂျစ်နိုင်ငံတို့သည် အရှေ့မြေထဲပင်လယ်အရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ခြင်း

Arab News; Mar-9(Tue)

    ဂရိနိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ဒန်ဒီရက်စ် (Nikos Dendias) သည် မတ်လ ၈ ရက်တွင် အီဂျစ်နိုင်ငံသို့သွားရောက်၍ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး စမက်ရှော့ခ်ရီ (Sameh Shoukry) နှင့်တွေ့ဆုံခဲ့ပြီး အရှေ့မြေထဲပင်လယ်ဒေသတွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ရေးအတွက် လေ့လာစူးစမ်းရှာဖွေရေးဆိုင်ရာ ရေပိုင်နက်နှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှုများအား ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ပါသည်။ ထိုကဲ့သို့ ဆွေးနွေးညှိနှိုင်းမှုပြုလုပ်စဉ် အရှေ့မြေထဲပင်လယ်ဒေသရှိ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ရေးဆိုင်ရာ လေ့လာစူးစမ်းရှာဖွေရေးနယ်မြေများအား ရေပိုင်နက် နယ်နိမိတ်သတ်မှတ်ခြင်းနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား ယခင်ကတည်းကပင် သဘော တူညီမှုရရှိပြီးဖြစ်ကြောင်းနှင့် ဒန်ဒီရက်စ်က ပြောကြားခဲ့ပါသည်။ ယခုအခါတွင် အီဂျစ်ပိုင် နယ်မြေ ၃ ခုအနက် တစ်ခုသည် နှစ်နိုင်ငံသဘောတူသတ်မှတ်ထားသည့် နယ်မြေ ပိုင်နက်ထက် အရှေ့ဘက်သို့ ပိုမိုကျော်လွန်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ကျော်လွန်နေသော နယ်မြေသည် အီဂျစ်နိုင်ငံ၏ရေပိုင်နက်အမှန်ဖြစ်ကြောင်း တူရကီနိုင်ငံ၏ ပြောကြား နေမှုများနှင့်ပတ်သက်၍ ဂရိနိုင်ငံအနေဖြင့် လက်ခံသွားမည်မဟုတ်ကြောင်း ဂရိနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါသည်။

    အီဂျစ်အစိုးရအနေဖြင့် အရှေ့မြေထဲပင်လယ်ဒေသအတွင်းရှိ သဘာဝဓာတ်ငွေ့ လေ့လာစူးစမ်းရှာဖွေရေးနယ်မြေများနှင့်ပတ်သက်၍ တူရကီနိုင်ငံနှင့် ဆွေးနွေးမှုများ ပြုလုပ်သည်ဟူသောသတင်းများမှာ ကောလာဟလတစ်ခုသာဖြစ်ကြောင်း၊ တူရကီ နိုင်ငံနှင့် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း အီဂျစ်သံတမန်များနှင့် ဆက်စပ် လျက်ရှိသည့် သတင်းအရင်းအမြစ်တစ်ခုက အစောပိုင်းတွင် ပြောကြားထားပါသည်။ အီဂျစ်နိုင်ငံအနေဖြင့် တူရကီနှင့် နိုင်ငံတကာအသိအမှတ်ပြု လစ်ဗျားအစိုးရတို့အကြား သဘောတူလက်မှတ်ရေးထိုးခဲ့သည့် ပင်လယ်ရေကြောင်းသွားလာမှုဆိုင်ရာ သဘော တူညီချက်အား ကန့်ကွက်ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားထားပြီးဖြစ်ကြောင်း၊ ထိုကဲ့သို့ တူရကီနိုင်ငံ၏လုပ်ဆောင်မှုသည် ဂရိနှင့်အီဂျစ်နိုင်ငံတို့အကြား ဒေသတွင်း ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ သဘောထားကွဲလွဲနေမှုများကိုအသုံးချကာ အကျိုး အမြတ်ရရှိစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ထပ်မံပြောကြားထားပါသည်။ ဂရိနှင့် အီဂျစ်နိုင်ငံတို့အကြား အငြင်းပွားလျက်ရှိသည့် အရှေ့မြေထဲပင်လယ်ဒေသအတွင်း သဘာဝဓာတ်ငွေ့လေ့လာစူးစမ်းရှာဖွေရေးနယ်မြေ များ၏ ရေပိုင်နက်နယ်နိမိတ်ရေပုံညွှန်းများနှင့်ပတ်သက်၍ နှစ်နိုင်ငံပညာရှင်များအကြား ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်၍ ပိုင်နက်နယ်နိမိတ်အတည်ပြုသတ်မှတ်ခြင်းအား သတင်း ထုတ်ပြန်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment