Reuter; Mar–12 (Fri )
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့တွင် အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးပွဲ များအား ဧပြီလအတွင်း လက်ခံကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အထူးသံတမန်တစ်ဦးကိုလည်း ခန့်အပ်သွားမည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က မတ်လ ၁၂ ရက်၌ ပြောကြားခဲ့ပါသည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် ရွေးကောက်ပွဲမကျင်းပမီကာလ၌ ကြားဖြတ်အစိုးရဖွဲ့စည်းရေးနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံမှ ငြိမ်းချမ်းရေးအစီအစဉ် မူကြမ်းတစ်ရပ်အားအဆိုပြုခဲ့ပြီးနောက် မဲလ်ဗက်ကာဗူဆိုဂလူ၏ အထက်ပါပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ တာလီဘန်နှင့် အမေရိကန်အစိုးရတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအား ဇန်နဝါရီလမှစတင်၍ ကာတာနိုင်ငံ၌ပြုလုပ်လျက်ရှိသော်လည်း တိုးတက်မှုအနည်းငယ်သာရှိခဲ့ပြီး နှောင့်နှေးကြန့်ကြာလျက်ရှိပါသည်။ အမေရိကန်သည် နှောင့်နှေးကြန့်ကြာလျက်ရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြန်လည်အရှိန်အဟုန်ဖြင့် တိုးတက်မှုရရှိစေရေးအတွက် ငြိမ်းချမ်းရေးအစီစဉ်တစ်ရပ်အား အဆိုပြုတင်သွင်းခဲ့ပါ သည်။
တူရကီအနေဖြင့် ၎င်း၏နိုင်ငံအတွင်း တာဘီဘန်-အာဖဂန်အစိုးရတို့အကြား အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပရေးနှင့်ပတ်သက်၍ အာဖဂန်အစိုးရအရာရှိများနှင့် ဆွေးနွေးထားပြီးဖြစ်ကြောင်းလည်း ၎င်းကထပ်လောင်းပြောကြားခဲ့ပါသည်။ ထိုသို့ ကျင်းပခြင်းသည် ကာတာနိုင်ငံတွင်ကျင်းပသည့် အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးပွဲအား တူရကီနိုင်ငံ၌ ပြောင်းလဲကျင်းပသည်ဟူ၍ဆိုလို၍မရကြောင်း၊ တူရကီတွင် ဆွေးနွေးပွဲ ကျင်းပသည့်ကိစ္စရပ်နှင့်ပတ်သက်၍ ကာတာနိုင်ငံနှင့်လည်း ဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်ကြောင်း မဲလ်ဗက်ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။ တာလီဘန်နှင့် အာဖဂန် အစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပခြင်း၏ တစ်ခုတည်းသော ရည်ရွယ် ချက်မှာ အာဖဂန်ငြိမ်းချမ်းရေးရရှိမှုတစ်ခုတည်းသာဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါ သည်။ ထို့ပြင် တူရကီအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပရန်အတွက် အာဖဂန် နိုင်ငံအတွင်း အကြမ်းဖက်မှုရပ်တန့်ရန် တာလီဘန်နှင့်အာဖဂန်အစိုးရထံ ပြောကြား လျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံအနေဖြင့်လည်း ယခုလနှောင်းပိုင်း၌ အာဖဂန်နိုင်ငံဆိုင်ရာညီလာခံတစ်ခုအား ကျင်းပရန်စီစဉ်လျက် ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment