Tuesday, July 12, 2022

ပိုလန်နှင့် အစ္စရေးတို့သည် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန် ဆောင်ရွက်လျက်ရှိခြင်း

 

Yahoo; Jul-12 (Tue)

            ပိုလန်နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး ရာကတ်ဗ်လီနာ (Yacov Livne) သည် ၎င်း၏သံအမတ်ခန့်အပ်လွှာအား တရားဝင်တင်သွင်းခဲ့ခြင်းကြောင့် ပိုလန်နှင့် အစ္စရေး နိုင်ငံတို့အနေဖြင့် သံတမန်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် အဆင့်တစ်ဆင့်အား စတင် ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း ပိုလန်သမ္မတ အန်ဒရေးဒူဒါ (Andrzej Duda) က ဇူလိုင်လ ၁၂ ရက်တွင် ပြောကြားခဲ့ပါသည်။ သမ္မတ အန်ဒရေးဒူဒါနှင့် အစ္စရေးသမ္မတ အစ်ဆက် ဟာဇော့ (Issac Herzog) တို့အနေဖြင့်လည်း ပုံမှန်ဆက်ဆံရေးသို့ ပြန်လည်ရောက်ရှိရန် အချိန်တန်ပြီဟု သဘောတူညီထားကြောင်း သမ္မတ အန်ဒရေးဒူဒါက ၎င်း၏ တွစ်တာ စာမျက်နှာပေါ်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ပိုလန်အနေဖြင့်လည်း အစ္စရေးတွင် သံအမတ်ကြီးတစ်ဦးခန့်အပ်ရန် အစ္စရေးက မျှော်မှန်းထားပြီး အဆိုပါအစီအစဉ်သည် မကြာမီဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ပိုလန်သမ္မတ အန်ဒရေးဒူဒါက ပြောကြားခဲ့ပါသည်။

            နှစ်နိုင်ငံအကြား ကောင်းမွန်သောဆက်ဆံရေးသည် အရှေ့အလယ်ပိုင်းဒေသရှိ မတည်ငြိမ်မှုများနှင့် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခတို့အပါအဝင် ကမ္ဘာတစ်ဝန်း စိန်ခေါ်မှုများစွာဖြစ်ပေါ်နေစဉ် ရရှိလာခြင်းဖြစ်ကြောင်း ရာကတ်ဗ်လီနာက ပိုလန်နိုင်ငံ၏ ပုဂ္ဂလိကရုပ်သံလိုင်းဖြစ်သည့် TVN24 နှင့် အင်တာဗျူးအတွင်း ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအနေဖြင့် လုံခြုံရေးနှင့် စီးပွားရေးနယ်ပယ်များတွင် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှု များကို တန်ပြန်ရန် အတူလက်တွဲလုပ်ဆောင်သင့်သည်ဟုယုံကြည်ကြောင်းကိုလည်း ရာကတ်ဗ်လီနာက ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် အစ္စရေးလူငယ်ထောင်ပေါင်း များစွာ၏ ပိုလန်နိုင်ငံသို့ နှစ်စဉ်လာရောက်လျက်ရှိသော ပညာရပ်ဆိုင်ရာ လေ့လာရေး ခရီးစဉ်သည် အရေးတကြီးဖြေရှင်းရန်လိုအပ်သည့် ပြဿနာတစ်ခုဖြစ်ကြောင်း၊ အစ္စရေး အစိုးရအနေဖြင့် ကပ်ရောဂါကာလအတွင်း Holocaust ဆိုင်ရာ လေ့လာရေးခရီးစဉ်ကို ဆိုင်းငံ့ထားခဲ့ပြီး ယခုနှစ်တွင် ပြန်လည်စတင်နိုင်ရန် ရည်မှန်းထားသော်လည်း ပိုလန် လက်ယာယိမ်းအစိုးရက သင်ရိုးညွှန်းတမ်းအား ထိန်းချုပ်ရန် ကြိုးပမ်းနေသောကြောင့် ပြန်လည်စတင်နိုင်မည်မဟုတ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ ပိုလန် နိုင်ငံသည် အစ္စရေးကျောင်းသားများလာရောက်သော လေ့လာရေးခရီးစဉ်အချို့တွင် လက်နက်ကိုင်အစောင့်များ ထားရှိပေးရခြင်းအပေါ် မလိုလားအပ်သောအန္တရာယ်များ ဖြစ်ပေါ်လာနိုင်၍ ကန့်ကွက်လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment