Thursday, July 28, 2022

တူကီယဲအစိုးရသည် ယူကရိန်းမှ ကောက်ပဲသီးနှံပြန်လည်တင်ပို့မှုအတွက် ပူးတွဲညှိနှိုင်းရေးစင်တာအား ဖွင့်လှစ်ခဲ့ခြင်း

Xinhua;Jul-28(Thu)

တူကီယဲအစိုးရသည် ယူကရိန်းနိုင်ငံမှ ကောက်ပဲသီးနှံပြန်လည်တင်ပို့မှုအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှုအား လေ့လာစောင့်ကြည့်ရန် ပူးတွဲညှိနှိုင်းရေးစင်တာ (Joint Coordination Center) အား ဇူလိုင်လ ၂၇ ရက်တွင် တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) က ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါပူးတွဲညှိနှိုင်းရေးစင်တာသည် တူကီယဲနိုင်ငံ၊ Besiktas ခရိုင်ရှိ စစ်တက္ကသိုလ် ကျောင်းဝင်းအတွင်း၌တည်ရှိပြီး ရုရှား၊ ယူကရိန်း၊ တူကီယဲနိုင်ငံတို့နှင့် ကုလသမဂ္ဂအဖွဲ့ တို့မှ ကိုယ်စားလှယ်အဖွဲ့ဝင် ၅ ဦးစီဖြင့် စုစုပေါင်း ကိုယ်စားလှယ် အဖွဲ့ဝင် ၂၀ ဦးပါဝင် ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။ ၎င်းပူးတွဲ ညှိနှိုင်းရေးစင်တာ ဖွင့်လှစ်ခဲ့ခြင်းကြောင့် တူကီယဲနိုင်ငံရှိ ဘော့စဖောရက်စ် (Bosphorus) ရေလက်ကြားနှင့် ပင်လယ်နက်ဒေသတို့မှတစ်ဆင့် ကမ္ဘာ့ဈေးကွက်များသို့ ကုန်စည်ကူးသန်းနေသော ယူကရိန်းဆိပ်ကမ်းများမှ သင်္ဘောများ၏ ဘေးကင်းလုံခြုံစွာဖြတ်သန်းသွားလာနိုင်မှုကို အာမခံနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

ထို့ပြင် ကုန်သင်္ဘောများနောက်သို့ လေ့လာစောင့်ကြည့်ခြင်းနှင့် ၎င်းသင်္ဘော များ၏ ခရီးလမ်းကြောင်းများကို နည်းပညာပိုင်းအရ ဂြိုဟ်တု၊ အင်တာနက်နှင့် အခြားသော ဆက်သွယ်ရေးနည်းလမ်းများမှတစ်ဆင့် ခြေရာခံစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ် ကြောင်း ကာကွယ်ရေးဝန်ကြီးက ဆက်လက်ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့်သီတင်းပတ် အတွင်း တူကီယဲ၊ ရုရှား၊ ယူကရိန်းနိုင်ငံတို့နှင့် ကုလသမဂ္ဂအဖွဲ့တို့အကြား ရေးထိုးခဲ့သည့် ပင်လယ်နက်ဒေသမှတစ်ဆင့် ကောက်ပဲသီးနှံပြန်လည်တင်ပို့ရေး သဘောတူညီချက် အရ ယူကရိန်းနှင့် ရုရှားနိုင်ငံတို့၏ ကုန်ပစ္စည်းတင်ပို့မှုကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၂၇ ရက်တွင် တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ပြောကြားခဲ့ပါသည်။ ၎င်းသဘောတူညီချက်နှင့်ပတ်သက်၍ ကောင်းမွန် သောအကျိုးရလဒ်ကောင်းများရရှိရန် မျှော်လင့်လျက်ရှိကြောင်း ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီး အန်ဒရီရူဒန်ကို (Andrei Rudenko) က ပြောကြားခဲ့ပါသည်။ တူကီယဲ အစိုးရအနေဖြင့်လည်း ကောက်ပဲသီးနှံပြန်လည်တင်ပို့ရေးကဏ္ဍ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန်အတွက် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ဆက်လက်ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်ဟု သတင်းအရင်းအမြစ် များ၏ဖော်ပြချက်အရ သိရှိရပါသည်။

No comments:

Post a Comment