Tuesday, July 19, 2022

အီရန်နှင့် တူကီယဲနိုင်ငံတို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာရှစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ခြင်း

Mehr News Agency;Jul-19(Tue)

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် အီရန်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိစဉ်အတွင်း တာဝန်ရှိသူများနှင့် တေွ့ဆုံကာ နှစ်နိုင်ငံ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှု စာချွန်လွှာရှစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း Mehr News Agency သတင်းဌာနက ဇူလိုင်လ ၁၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ သမ္မတ အာဒိုဂန်၏ အီရန်ခရီးစဉ်သည် နှစ်နိုင်ငံ အကြား ဆက်ဆံရေးမြှင့်တင်ရန်အတွက် အချိုးအကွေ့တစ်ခုဖြစ်ပါသည်။ ထို့ပြင် နှစ်နိုင်ငံ အကြား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်မှုဆိုင်ရာ ဆက်ဆံရေးအဆင့်အတန်းအား မြှင့်တင်ရေးနှင့် အခြားသောကဏ္ဍများကိုလည်း ဆေွးနွေးခဲ့ကြကြောင်း အီရန်သမ္မတ အီဗရာဟင်ရိုင်စီ (Ebrahim Raisi) က သမ္မတ အာဒိုဂန်နှင့်အတူပြုလုပ်သည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။ အီရန်နှင့် တူကီယဲနိုင်ငံအကြား ကုန်သွယ်မှု ဆက်ဆံရေးသည် လုံလောက်မှုမရှိသေးဘဲ ပိုမိုတိုးမြှင့်လုပ်ဆောင်သွားရန်လိုအပ်ကြောင်းနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆက်ဆံရေးသည် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံအထိ ရှိလာနိုင်ကြောင်း ရိုင်စီက ဆက်လက်ပြောကြားခဲ့ပါသည်။

လုံခြုံရေးကဏ္ဍတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများသည် အရေးပါ လျက်ရှိသည့်အပြင် နှစ်နိုင်ငံစလုံးရှိ လုံခြုံရေးအေဂျင်စီများအကြား ပူးပေါင်းဆောင်ရွက်မှု များသည် နယ်စပ်ဒေသလုံခြုံရေးအတွက် ထိရောက်မှုရှိနိုင်ကြောင်း ရိုင်စီက ထပ်လောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံဆွေးနွေးမှုအတွင်း အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးမှု နှင့် ရာဇဝတ်မှုတိုက်ဖျက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြပါသည်။ အီရန်နှင့် တူကီယဲနိုင်ငံတို့၏ ကောင်းမွန်သောဆက်ဆံရေးသည် နှစ်နိုင်ငံအကြားရှိ ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးကို အကျိုးဖြစ်ထွန်းစေနိုင်ကြောင်း အီရန်သမ္မတက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment