Wednesday, July 27, 2022

ဂရိစစ်ဘက်သည် အမေရိကန်နိုင်ငံမှ M117 သံချပ်ကာလုံခြုံရေးယာဉ် ထပ်မံ၍ လက်ခံရရှိခဲ့သည်ဆိုခြင်း

The Defense Post;Jul-27(Wed)

ဂရိစစ်ဘက် (The Hellenic Armed Forces) သည် အမေရိကန်နိုင်ငံမှ M117 သံချပ်ကာလုံခြုံရေးယာဉ် (Armored Safety Vehicle) အစီး ၉၀ ကို ထပ်မံလက်ခံ ရရှိခဲ့ကြောင်း The Defense Post သတင်းဌာနက ဇူလိုင်လ ၂၇ ရက်တွင် ဖော်ပြခဲ့ ပါသည်။ အမေရိကန်စစ်ဘက်ဆိုင်ရာ ဆယ်တင်ပစ္စည်းများ ထုခွဲရောင်းချရေးအစီအစဉ် (Excess Defense Articles-EDA) ၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ဂရိနိုင်ငံက အထက်ပါ အတိုင်း လက်ခံရရှိခဲ့ခြင်းဖြစ်ပါသည်။ ၎င်းအစီအစဉ်အရ ဂရိစစ်ဘက်အနေဖြင့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် စုစုပေါင်း M117 သံချပ်ကာလုံခြုံရေးယာဉ် အစီး ၁,၂၀၀ ခန့်အား အမေရိကန်နိုင်ငံထံမှ လက်ခံရရှိမည်ဖြစ်ပါသည်။ အမေရိကန်စစ်ဘက်အနေဖြင့် ၎င်း၏ မဟာမိတ်နိုင်ငံများမှ စစ်ဘက်တပ်ဖွဲ့များကို စွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်၍ EDA အစီအစဉ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

M117 သည် အပေါ့စားသံချပ်ကာယာဉ်အမျိုးအစားဖြစ်ပြီး အလေးချိန် ပေါင် ၃၀,၀၀၀ (၁၃,၆၀၇ ကီလိုဂရမ်) ရှိကာ တိုက်ပွဲဝင်ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် တပ်ဖွဲ့ဝင် ၄ ဦး အထိ တင်ဆောင်နိုင်ပါသည်။ အဆိုပါ M117 သံချပ်ကာလုံခြုံရေးယာဉ်တွင် ၄၀ မီလီမီတာ MK-19 အမျိုးအစားဗုံးပစ်လောင်ချာ ၁ လက်နှင့် ၁၂.၇ မီလီမီတာ စက်သေနတ်ကြီး ၁ လက်တို့ကို တွဲဖက်တပ်ဆင်ထားရှိပြီး ရေအနက် ၅ ပေရှိသည့် ရေပြင်ကိုလည်း ဖြတ်သန်းမောင်းနှင်နိုင်ပါသည်။ ဂရိနိုင်ငံသည် အမေရိကန်မှလက်ခံရရှိမည့် M117 သံချပ်ကာယာဉ်များ၏ ပထမအသုတ်အဖြစ် ၄၄ စီးကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် လက်ခံရရှိခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment