Channel News Asia;Jul-14(Thu)
ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်သည့် လစ်သူရေးနီးယားနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂမှ အရေးယူပိတ်ဆို့မှုများချမှတ်ထားသည့် ရုရှားကုန်ပစ္စည်းများကို ၎င်းတို့၏ နယ်မြေပိုင်နက်မှ တစ်ဆင့် ရုရှားနိုင်ငံပိုင် ကာလီနင်ဂရက် (Kaliningrad) ဒေသသို့ ဖြတ်သန်းပို့ဆောင်ခွင့် အား ဇွန်လ ၁၇ ရက်မှစ၍ ကန့်သတ်ထားခဲ့သော်လည်း ယခုအချိန်တွင် ပြန်လည်ခွင့်ပြု ပေးသွားမည်ဖြစ်ကြောင်း လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ဥရောပသမဂ္ဂသည် ရုရှားနိုင်ငံမှ ဥရောပနိုင်ငံများကိုတင်ပို့ နေသည့် ဗော့ဒ်ကာအရက်နှင့် သံမဏိကဲ့သို့သော ရုရှားနိုင်ငံထုတ် ကုန်ပစ္စည်းအချို့ အပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ခြင်းဖြစ်ပါသည်။ ရုရှားနိုင်ငံမှ ကာလီနင်ဂရက် ဒေသသို့ ရထားဖြင့်ပို့ဆောင်သည့် ကုန်ပစ္စည်းအချို့အပေါ် ကန့်သတ်ချက်ဖယ်ရှားသည့် လစ်သူရေးနီးယားနိုင်ငံ၏ဆုံးဖြတ်ချက်သည် လက်တွေ့ဆန်ပြီး ဘုံအကျိုးရှိမည့် ဆုံးဖြတ်ချက် ဖြစ်သော်လည်း အဆိုပါဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ၎င်းတို့အနေဖြင့် မေးခွန်းများစွာရှိ ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားထား ပါသည်။
လစ်သူရေးနီးယားနိုင်ငံအနေဖြင့် ၎င်းတို့၏ကန့်သတ်ထားမှုများအား ဖယ်ရှားပေး သွားရန် ယခုကဲ့သို့ဆုံးဖြတ်ခဲ့ခြင်းသည် ရုရှားနှင့် လစ်သူရေးနီးယားနိုင်ငံတို့အကြား လိပ်ခဲတည်းလည်းအခြေအနေကို ဖြေရှင်းရန်အတွက် အလိုအပ်ဆုံးသော ပထမခြေလှမ်း ဖြစ်ကြောင်းနှင့် ၎င်းအနေဖြင့် အရေးယူပိတ်ဆို့မှုများ အပြီးသတ်ဖယ်ရှားပေးရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကာလီနင်ဂရက်ဒေသအုပ်ချုပ်ရေးမှူး အန်တွန် အလီခါနော့ဗ် (Anton Alikhanov) ကလည်း ၎င်း၏ Telegram စာမျက်နှာတွင် ရေးသား ခဲ့ပါသည်။ လစ်သူရေးနီးယားနိုင်ငံမှတစ်ဆင့် ကာလီနင်ဂရက်ဒေသသို့ ကုန်ပစ္စည်းများ တင်ပို့နေမှုအား တားမြစ်ကန့်သတ်ခြင်းသည် တရားမဝင်သည့် အရေးယူပိတ်ဆို့မှုဖြစ် ကြောင်း ရုရှားနိုင်ငံက ပြောကြားခဲ့သည့်အချိန်တွင် ဥရောပသမဂ္ဂမှချမှတ်ထားသည့် စည်းမျဉ်းများကို လိုက်နာရုံမှလွဲ၍ ရွေးချယ်စရာမရှိသောကြောင့် ၎င်းတို့နိုင်ငံအနေဖြင့် တားမြစ်ကန့်သတ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု လစ်သူရေးနီးယားနိုင်ငံက တုံ့ပြန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
ယူကရိန်းအပေါ် ရုရှား၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အနောက်နိုင်ငံများ နှင့် ရုရှားနိုင်ငံတို့အကြား ဆက်ဆံရေးဆိုးရွားလျက်ရှိစဉ် ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်သည့် လစ်သူရေးနီးယားနိုင်ငံသည် ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုအစီအမံများကို လိုက်နာသည့်အနေဖြင့် ရုရှားနိုင်ငံပိုင် ကာလီနင်ဂရက်ဒေသသို့ ကုန်စည်ပေးပို့သော လမ်းကြောင်းကို ပိတ်ပင်တားမြစ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် ရုရှားနိုင်ငံက လမ်းကြောင်းပိတ်ပင်တားမြစ်မှုနှင့်ပတ်သက်၍ မော်စကိုမြို့ရှိ လစ်သူရေးနီးယားထိပ်တန်း သံအမတ်ကိုဆင့်ခေါ်ကာ လမ်းကြောင်းအမြန်ဆုံးဖွင့်လှစ်ပေးရေး တောင်းဆိုမှုပြုလုပ်ခဲ့ ပါသည်။ ထို့ပြင် အကယ်၍ လစ်သူရေးနီးယားနိုင်ငံအနေဖြင့် ကာလီနင်ဂရက်ဒေသနှင့် ကျန်နယ်မြေများသို့ ကုန်စည်ပေးပို့မှုလမ်းကြောင်းကို မူလအတိုင်း ပြန်လည်ဆောင်ရွက် ပေးခြင်းမရှိပါက နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်ပေးမည့် အစီအမံများကို လိုအပ်သလိုဆောင်ရွက်သွားမည်ဟု တုံ့ပြန်သတိပေးပြောကြားမှုပြုလုပ်ခဲ့သည်ကို တွေ့ရှိရ ပါသည်။ လက်ရှိအချိန်တွင် လစ်သူရေးနီးယားနိုင်ငံသည် အရေးယူပိတ်ဆို့ခြင်းခံထားရ သည့် ရုရှားကုန်စည်များအား ကာလီနင်ဂရက်ဒေသသို့ ပို့ဆောင်နိုင်ရေးအတွက် ၎င်း၏ နယ်မြေပိုင်နက်ကို အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း လစ်သူရေးနီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်ကို တွေ့ရပါသည်။ သို့ဖြစ်၍ လစ်သူရေးနီးယားနိုင်ငံ အနေဖြင့် ယခုကဲ့သို့ လမ်းကြောင်းပြန်လည်ဖွင့်လှစ်ပေးရေး စီစဉ်ဆောင်ရွက်လာခြင်း သည် ၎င်းတို့နိုင်ငံအပေါ် အဘက်ဘက်မှ ဖိအားပေးဆောင်ရွက်ခြင်းကို ရှောင်ရှားနိုင်ရန် ကြိုးပမ်းမှုဖြစ်နိုင်သည့်အပြင် ယူကရိန်းပဋိပက္ခကို ဥပမာထားကာ နိုင်ငံ၏အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းမှ ကာကွယ်ဆောင်ရွက်ခြင်းဖြစ်နိုင်ပါသည်။ ထို့ကြောင့် လစ်သူရေးနီးယား နိုင်ငံသည် လာမည့်အချိန်တွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ပြစ်တင်ဝေဖန်မှုများ ရင်ဆိုင်လာရနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

ရုရှားနိုင်ငံ၏ လစ်သူရေးနီးယားမှတစ်ဆင့် ကာလီနင်ဂရက်ဒေသသို့ ကုန်စည်များတင်ပို့သည့်လမ်းကြောင်းပြမြေပုံ
No comments:
Post a Comment