AA;Aug-3(Wed)
ကိုဆိုဗိုဆိုင်ရာ နေတိုးဦးဆောင်သော ငြိမ်းချမ်းမှုထိန်းသိမ်းရေးမစ်ရှင်အဖွဲ့ (KFOR) သည် ဆားဘီးယားနှင့် ကိုဆိုဗိုအရေးတွင် လိုအပ်ပါက ကြားဝင်ဖြေရှင်းပေးရန် အသင့်ရှိကြောင်း နေတိုးအထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာ့ဂ် (Jens Stoltenberg) နှင့် ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Alexandar Vucic) တို့ အကြား ဖုန်းဖြင့်ဆွေးနွေးမှုတွင် စတိုတန်ဘာ့ဂ်က ပြောကြားခဲ့ကြောင်း ဩဂုတ်လ ၃ ရက်တွင် AA သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဥရောပသမဂ္ဂက ကမကထပြုလုပ်သော ဆားဘီးယားနှင့် ကိုဆိုဗိုအရေးဆိုင်ရာဆွေးနွေးပွဲတွင် သက်ဆိုင်သူအားလုံးအနေဖြင့် အပြုသဘောဆောင်သော ဆွေးနွေးဆက်ဆံမှုများပြုလုပ်ရန်နှင့် မတူကွဲပြားမှုများကိုလည်း သံခင်းတမန်ခင်းနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ကြရန် စတိုဘန်ဘာ့ဂ်က တိုက်တွန်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ကိုဆိုဗိုအရေးနှင့်စပ်လျဉ်း၍ တည်ငြိမ်အေးချမ်းမှုကိုထိခိုက် လာမည်ဆိုပါက KFOR အနေဖြင့် ကုလသမဂ္ဂကပေးအပ်ထားသော လုပ်ပိုင်ခွင့်ကိုအခြေခံ၍ ကြားဝင်ဖြေရှင်းရန်အသင့်ရှိသည်ဟု စတိုတန်ဘာ့ဂ်က ထပ်လောင်းပြောကြားခဲ့ပါသည်။ ကိုဆိုဗိုသည် ၂၀၀၈ ခုနှစ်တွင် ဆားဘီးယားနိုင်ငံထံမှ လွတ်လပ်ရေးကြေညာခဲ့ပြီး အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် တူကီယဲတို့အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအများစုက ၎င်းအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ကြပါသည်။ ဆားဘီးယားနှင့် ကိုဆိုဗိုတို့အကြား တင်းမာမှုများသည် ကိုဆိုဗိုတွင်နေထိုင်သော ဆာ့ဘ် လူမျိုးများအပါအဝင် လူအားလုံးကို ကိုဆိုဗို ID ကတ်နှင့် လိုင်စင်ကတ်ပြားထုတ်ပေးရန် အတွက် သြဂုတ်လ ၁ ရက်တွင် စတင်အသက်ဝင်မည့် ကိုဆိုဗိုဥပဒေသစ်မပြဋ္ဌာန်းမီ မြင့်တက်လာခဲ့ခြင်းဖြစ်ပါသည်။ ကိုဆိုဗို-ဆားဘီးယား နယ်စပ်တင်းမာမှုများဖြစ်ပွား လာပြီးနောက် အငြင်းပွားမှုအားဖြေရှင်းပေးရန်နှင့် ပဋိပက္ခအသစ်များ ထပ်မံမဖြစ်ပွား စေရေးအတွက် EU သည် သံတမန်ရေးနည်းအရ ကြားဝင်ဆောင်ရွက်ပေးမှုအဖြစ် နှစ်နိုင်ငံစလုံးအား ဩဂုတ်လ ၁ ရက်တွင် ဘရပ်ဆဲလ် (Brussels) မြို့၌ တွေ့ဆုံ ဆွေးနွေးရန်ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment