Wednesday, August 3, 2022

တူကီယဲစစ်ဘက်ဆိုင်ရာထိပ်တန်းကောင်စီအစည်းအဝေး ကျင်းပပြုလုပ်မည်ဆိုခြင်း

Trend;Aug-4(Thu)

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် တစ်နှစ်ကြာဆိုင်းငံ့ထားခဲ့သည့် နိုင်ငံ၏ စစ်ဘက်ဆိုင်ရာထိပ်တန်းကောင်စီအစည်းအဝေး အား ဩဂုတ်လ ၄ ရက်တွင် ပြန်လည်ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၎င်းအနေဖြင့် သဘာပတိ အဖြစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Trend သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် စစ်ဘက်ဆိုင်ရာအရာရှိကြီးများ၏ ရာထူးတိုးခြင်းနှင့် တာဝန်ပေးခြင်းတို့ အပါအဝင် ရာထူးသက်တမ်းတိုးခြင်း၊ သို့မဟုတ် အငြိမ်းစားယူခြင်းဆိုင်ရာကိစ္စရပ်များ ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြထားပါသည်။ အစည်းအဝေး အတွင်း ပင်လယ်နက်ဒေသတည်ငြိမ်ရေး၊ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးနှင့် နယ်စပ် ဖြတ်ကျော်မှုဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးသွားမည့်အပြင် လက်ရှိအခြေအနေများကို ထိန်းသိမ်းထားရန်နှင့် ဖြစ်ပေါ်တိုးတက်မှုများအပေါ်မူတည်၍ ဆုံးဖြတ်ချက်များချမှတ် နိုင်ရန်လည်း မျှော်မှန်းထားပါသည်။ ထို့ပြင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရာဆာဂူလာ (Yasar Guler)၊ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟက်ဆန်းကူးချာကာကူးလ် (Hasan Kucukakyuz) နှင့် ရေတပ်ဦးစီးချုပ် အနန်အော်ဇဘယ် (Adnan Ozbal) တို့အနေဖြင့် လက်ရှိတာဝန်များ ဆက်လက်ထမ်းဆောင်သွားနိုင်ဖွယ်ရှိပါသည်။

စစ်ဘက်ဆိုင်ရာရာထူးခန့်အပ်မှုများနှင့် နေရာပြောင်းရွှေ့တာဝန်ပေးအပ်မှု ကိစ္စရပ်များတွင်လည်း တာဝန်ထမ်းဆောင်နေသည့်တပ်မှူးများ၏ မြေပြင်အတွေ့အကြုံများ၊ အီရတ်နှင့် ဆီးရီးယားရှိ စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအပါအဝင် လစ်ဗျားနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ ထည့်သွင်းစဉ်းစားမည်ဖြစ်ပါသည်။ ဒေသတွင်းဖြစ်ပေါ် တိုးတက်မှုများကြောင့် အရှေ့မြေထဲပင်လယ်နှင့် ပင်လယ်နက်ကို စိုးမိုးထားသော ရေတပ်ဆိုင်ရာတပ်မှူးများ၏ အခန်းကဏ္ဍသည်လည်း အရေးပါသည့်အခြေအနေသို့ ရောက်ရှိလာပြီဖြစ်ပါသည်။ တူကီယဲနိုင်ငံ လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍတွင် အရေးကြီး တာဝန်ပေးအပ်နိုင်ရေးအတွက် စစ်ဘက်တပ်ဖွဲ့ဝင်များအကြား အချင်းချင်းအကဲဖြတ် စစ်ဆေးမှုများလည်းပြုလုပ်သွားမည်ဖြစ်ပါသည်။ ယခုပြုလုပ်မည့် ကောင်စီအစည်းအဝေး ဆိုင်ရာဆုံးဖြတ်ချက်များအား သမ္မတ အာဒိုဂန်၏ အတည်ပြုချက်ရယူပြီးနောက် ဆက်လက် အကောင်အထည်ဖော်မည်ဖြစ်ကြောင်းနှင့် လာမည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် အစည်းအဝေးထပ်မံကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။


သုံးသပ်ချက် 
 တူကီယဲစစ်ဘက်ဆိုင်ရာထိပ်တန်းကောင်စီသည် လက်နက်ကိုင်တပ်ဖွဲ့ရှိ ကော်မတီတစ်ခုဖြစ်ပြီး တပ်မတော်၏အစီအစဉ်များကိုဆုံးဖြတ်ရန် အစည်းအဝေးကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းကောင်စီကို ၂၀၁၈ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့ ပါသည်။ ၎င်းကောင်စီတွင် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ တရားရေးဝန်ကြီးများ၊ ပြည်ထဲရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေး၊ အမျိုးသားပညာရေး၊ အမျိုးသား ကာကွယ်ရေး၊ စစ်ဦးစီးချုပ်၊ ကြည်း/ ရေ/ လေတပ်အကြီးအကဲများဖြင့် ပါဝင်ဖွဲ့စည်းထား ပါသည်။ ကောင်စီ၏အထွေထွေအတွင်းရေးမှူးသည် ကာကွယ်ရေးဝန်ကြီးဖြစ်ပါသည်။ ယေဘုယျအားဖြင့် ကောင်စီအစည်းအဝေးများကို သြဂုတ်လပထမပတ်တွင် ၃ ရက်ကြာ ကျင်းပပြုလုပ်ပါသည်။ အဆိုပါအစည်းအဝေးတွင် စစ်ဗိုလ်ချုပ်များ၏ ရာထူးတိုးခြင်းနှင့် တာဝန်ပေးခြင်းတို့အပါအဝင် ရာထူးသက်တမ်းတိုးခြင်း၊ သို့မဟုတ် အငြိမ်းစားယူခြင်း စသည့်အကြောင်းအရာများနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ပါသည်။ ခန့်အပ်မှုများနှင့် နေရာရွှေ့ပြောင်းမှုများတွင် ဒေသအတွင်းတပ်ဖြန့်ချထားသော တပ်မှူးများမှ ရရှိသည့် နယ်ပယ်အတွေ့အကြုံများ၊ အီရတ်နှင့် ဆီးရီးယားရှိ စစ်ဆင်ရေးများနှင့် လစ်ဗျားတွင် ဖြစ်ပေါ်တိုးတက်မှုများကို ထည့်သွင်းစဉ်းစားမည်ဖြစ်ပါသည်။ အစည်းအဝေးအတွင်း ဆုံးဖြတ်ချက်များသည် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံတွင်းနှင့် ဒေသတွင်းဆိုင်ရာအခြေအနေ များကို ထည့်သွင်းစဉ်းစားလျက်ရှိပါသည်။ ထို့ကြောင့် လက်ရှိကျင်းပလျက်ရှိသော အစည်းအဝေးသည် တူကီယဲစစ်ဘက်ရှိ အကြီးအကဲများ၏ ရာထူးနေရာများနှင့် စစ်ဘက် တပ်ဖွဲ့ဝင်များ၏ တာဝန်ကျရာနေရာများ၌ အပြောင်းအလဲများဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment