Thursday, August 18, 2022

ဆားဘီးယား-ကိုဆိုဗို ဆွေးနွေးပွဲသည် သဘောတူညီမှုတစ်စုံတစ်ရာရရှိခြင်းမရှိဘဲ ပြီးဆုံးခဲ့ခြင်း

 

Daily Sabah;Aug-18(Thu)

              ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) နှင့် ကိုဆိုဗို ခွဲထွက်ဒေသဝန်ကြီးချုပ် အယ်လ်ဘင်ကာတီ (Albin Kurti) တို့အကြား လက်ရှိဖြစ်ပွား လျက်ရှိသော ဆားဘီးယား-ကိုဆိုဗို တင်းမာမှုများကိုလျှော့ချနိုင်စေရေး ဥရောပသမဂ္ဂ၏ ကြားဝင်စေ့စပ်မှုဖြင့် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် (Brussels) မြို့၌ ဩဂုတ်လ ၁၈ ရက်တွင်ပြုလုပ်ခဲ့သော ဆွေးနွေးပွဲသည် အပြုသဘောဆောင်သည့် သဘောတူညီချက် တစ်စုံတစ်ရာရရှိခဲ့ခြင်းမရှိဘဲ ပြီးဆုံးခဲ့ကြောင်း ဥရောပသမဂ္ဂ၏ ပြည်ပမူဝါဒရေးရာ အကြီးအကဲ ဂျိုးဆက်ဘော်ရယ်လ် (Josep Borrell) က ၎င်းဆွေးနွေးပွဲအပြီး ထုတ်ဖော် ပြောကြားခဲ့ပါသည်။ မြေပြင်၌ဖြစ်ပေါ်လျက်ရှိသော တင်းမာမှုများကို ပြေလျော့စေရန် ရည်ရွယ်ကာ အထက်ပါဆွေးနွေးပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့နှစ်ဖက် အကြား ပုံမှန်ထိတွေ့ဆက်ဆံမှုကို ခိုင်မာအားကောင်းစေရေးအတွက် ဆွေးနွေးမှုများ တိုးမြှင့်လုပ်ဆောင်သွားရန် ဘူစစ်နှင့် ကာတီတို့အကြား သဘောတူညီမှုရရှိခဲ့ကြောင်း ဘော်ရယ်လ်က ဆက်လက်ပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲနှင့်ပတ်သက်၍ ဘူစစ်ရော ကာတီကပါ ထုတ်ဖော်ပြောကြားထားခြင်းမရှိသော်လည်း သမ္မတ ဘူစစ်သည် ဆားဘီးယားပြည်သူများသို့ ဩဂုတ်လ ၁၉ ရက်တွင် မိန့်ခွန်းပြောကြားသွားမည်ဖြစ် ကြောင်း ဆားဘီးယားသတင်းဌာနများက ဖော်ပြလျက်ရှိပါသည်။

              ဆားဘီးယားစစ်ဘက်နှင့် ကိုဆိုဗိုခွဲထွက်ရေးလက်နက်ကိုင်တို့အကြား ဖြစ်ပွား ခဲ့သည့် ပြည်တွင်းစစ်သည် NATO ၏ ကြားဝင်ဖျန်ဖြေမှုဖြင့် ၁၉၉၉ ခုနှစ်တွင် အဆုံးသတ် ခဲ့ပါသည်။ ဆားဘီးယားနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သည့် ကိုဆိုဗိုသည် သီးခြား လွတ်လပ်သည့်နိုင်ငံတစ်ခုအဖြစ် ၂၀၀၈ ခုနှစ်တွင် အတိအလင်းထုတ်ပြန်ကြေညာခဲ့ သော်လည်း ဆားဘီးယားအစိုးရက ပယ်ချထားပါသည်။ ဆားဘီးယားအစိုးရမှထုတ်ပေး ထားသော နိုင်ငံသားစိစစ်ရေးကတ်များနှင့် ယာဉ်လိုင်စင်များသည် ကိုဆိုဗိုခွဲထွက်ဒေသ အတွင်း အကျုံးဝင်တော့မည်မဟုတ်ကြောင်း ကာတီအစိုးရက ထုတ်ပြန်ကြေညာခဲ့သည့် ပြီးခဲ့သောလမှစ၍ နှစ်ဖက်တင်းမာမှုများမှာ တစ်ကျော့ပြန်မြင့်တက်လာခဲ့ခြင်းဖြစ်ပါသည်။ ကိုဆိုဗိုအစိုးရသည် အနောက်နိုင်ငံများ၏ဖိအားပေးမှုများကြောင့် အဆိုပါအစီအစဉ်ကို လာမည့်စက်တင်ဘာလ ၁ ရက်အထိ တစ်လကြာဆိုင်းငံ့ထားကြောင်း သိရှိရပါသည်။  

No comments:

Post a Comment