Nord; Aug-20(Sat)
စကင်ဒီနေးဗီးယားနိုင်ငံများ (Nordic) ဖြစ်သည့် ဆွီဒင်နှင့်ဖင်လန်နိုင်ငံတို့ အနေဖြင့် တူကီယဲအစိုးရ၏ တောင်းဆိုချက်ဖြစ်သော သံသယတရားခံများလွှဲပြောင်းရေးကို လျစ်လျူရှုခဲ့မည်ဆိုပါက မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) သို့ အဖွဲ့ဝင်နိုင်ငံ များအဖြစ် ဝင်ရောက်ခွင့်ရရှိလိမ့်မည်မဟုတ်ကြောင်း တူကီယဲတရားရေးဝန်ကြီး ဘက္ကာ ဘို့ဇ်ဒတ် (Bekir Bozdag) က ပြောကြားခဲ့သည်ဟု Nord သတင်းဌာနမှ ဩဂုတ်လ ၂၀ ရက်တွင်ရေးသားခဲ့ပါသည်။ တူကီယဲနိုင်ငံသည် ၎င်းတို့ပြည်တွင်း၌ အကြမ်းဖက်မှု ကျူးလွန်ခဲ့သည်ဟု စွဲဆိုခြင်းခံထားရသည့် လူပေါင်း ၃၃ ဦးကို ပြန်လည်လွှဲပြောင်းပေးရန် ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့အား တောင်းဆိုထားလျက်ရှိပါသည်။ ဆွီဒင်နှင့် ဖင်လန်အစိုးရ တို့အနေဖြင့် မိမိတို့၏တောင်းဆိုချက်ကို ကောင်းစွာနားလည်သင့်ကြောင်း တူကီယဲ နိုင်ငံက ပြောကြားခဲ့ပါသည်။
ဆွီဒင်အစိုးရအနေဖြင့် တူကီယဲနိုင်ငံသို့ တရားခံများလွှဲပြောင်းပေးရေးကို နိုင်ငံတကာနှင့် ဥရောပဥပဒေများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွီဒင် ဝန်ကြီးချုပ် မက်ဒါလီနာအန်ဒါဆန် (Magdalena Andersson) က ပြီးခဲ့သည့်ဇွန်လတွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် ဆွီဒင်နိုင်ငံအနေဖြင့် တူကီယဲနိုင်ငံ၏လုံခြုံရေးကို ထိပါး ခြိမ်းခြောက်စေမည့်လူများအပေါ် ထောက်ပံ့ပေးသွားမည်မဟုတ်ကြောင်း ဝန်ကြီးချုပ် အန်ဒါဆန်က ထပ်လောင်းပြောကြားခဲ့ပါသည်။ တူကီယဲနိုင်ငံသည် ဆွီဒင်နှင့် ဖင်လန် နိုင်ငံတို့၏ အမေရိကန်ဦးဆောင်သည့် NATO အဖွဲ့သို့ ဝင်ရောက်ခွင့်ရရှိရေး အဆိုပြုချက်ကို တရားဝင်ထောက်ခံရန် သဘောတူညီထားလျက်ရှိသော်လည်း ၎င်းတို့၏တောင်းဆိုချက်ကို ဆွီဒင်နှင့်ဖင်လန်နိုင်ငံတို့မှ လိုက်လျောဖြေရှင်းပေးခြင်းမရှိပါက NATO အဖွဲ့သို့ဝင်ရောက်ရေး အတွက် ရှေ့ဆက်လုပ်ငန်းစဉ်များအပေါ် ဆက်လက်ကန့်ကွက်သွားမည်ဖြစ်ကြောင်း ဘို့ဇ်ဒတ်၏ ပြောကြားချက်အရ သိရှိရပါသည်။
No comments:
Post a Comment