Thursday, August 25, 2022

လာမည့် ဥရောပသမဂ္ဂထိပ်သီးအစည်းအဝေးအတွင်း ဥရောပခေါင်းဆောင်များသည် ရုရှားဓာတ်ငွေ့စျေးနှုန်းများကန့်သတ်ရေးအတွက် ဆွေးနွေးသွားမည်ဖြစ်ခြင်း

Sputnik;Aug-25(Thu)

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ လာမည့်အောက်တိုဘာလတွင်ကျင်းပပြုလုပ်မည့် ဥရောပသမဂ္ဂထိပ်သီးအစည်းအဝေးအတွင်း ဥရောပခေါင်းဆောင်များသည် ရုရှားဓာတ်ငွေ့ တင်သွင်းမှုအတွက် စျေးနှုန်းကန့်သတ်ချက်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း အီတလီ ဝန်ကြီးချုပ် မာရီယိုဒရာဂီ (Mario Draghi) က ဩဂုတ်လ ၂၄ ရက်တွင် ပြောကြား ခဲ့သည်ဟု Sputnik သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အီတလီနိုင်ငံသည် နွေဦးရာသီ ကတည်းကပင် ဥရောပသို့တင်ပို့နေသည့် ရုရှားဓာတ်ငွေ့နှင့်ပတ်သက်၍ လျှပ်စစ်ဓာတ်အား တစ်မဂ္ဂါဝပ်နာရီလျှင် (per megawatt hour) သုံးစွဲရမည့် ဓာတ်ငွေ့ပမာဏအား ယူရို ၉၀ ဒေါ်လာ (အမေရိကန်ဒေါ်လာ ၈၉.၃၅ ဒေါ်လာ) အထိ ကန့်သတ်ရန် အဆိုပြုခဲ့ပါ သည်။ ဥရောပကော်မရှင်သည် သဘာဝဓာတ်ငွေ့စျေးနှုန်းသတ်မှတ်နိုင်ရေး အဆိုပြုချက်ကို လုပ်ဆောင်နေပြီး ၎င်းအဆိုပြုချက်ကို လာမည့် ဥရောပကောင်စီအစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ပါသည်။ အီတလီအစိုးရသည် ရုရှားဓာတ်ငွေ့ဈေးနှုန်းများကို ကန့်သတ်ရန်အတွက် ဥရောပအဆင့်တွင် အရေးပါသောလုပ်ဆောင်မှုများ ဆောင်ရွက်ခဲ့ သော်လည်း ရုရှားနိုင်ငံက ဓာတ်ငွေ့ထောက်ပံ့မှုဖြတ်တောက်မည်ကို စိုးရိမ်သောကြောင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့သည် ၎င်းအဆိုပြုချက်ကို ဆက်လက်ကန့်ကွက်နေကြ ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါသည်။

ရုရှားမှစွမ်းအင်ထောက်ပံ့မှု လျော့နည်းလာချိန်တွင် ဥရောပရှိ ဓာတ်ငွေ့စျေးနှုန်း များသည် တစ်နှစ်ပတ်လုံးမြင့်တက်လာခဲ့ပြီး ဩဂုတ်လတွင် ကုဗမီတာ ၁,၀၀၀ လျှင် အမေရိကန်ဒေါ်လာ ၃,၀၀၀ အထိ ရောက်ရှိခဲ့ပါသည်။ ရုရှားစွမ်းအင်ကုမ္ပဏီ Gazprom သည် ဇူလိုင်လ ၂၇ ရက်မှစတင်၍ အဓိကဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် ထောက်ပံ့မှု များကို တစ်ရက်လျှင် ကုဗမီတာ ၃၃ သန်းထက်မပိုဘဲ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချရန် စီစဉ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ဥရောပရှိ ဓာတ်ငွေ့စျေးနှုန်းများသည် ဩဂုတ်လ ၂၂ ရက်တွင် ၁၉ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး ၁,၀၀၀ ကုဗမီတာလျှင် အမေရိကန်ဒေါ်လာ ၃,၀၂၂.၄ ဒေါ်လာသို့ရောက်ရှိခဲ့ကာ မတ်လနောက်ပိုင်း သတ်မှတ် ထားသည့် အမေရိကန်ဒေါ်လာ ၃,၀၀၀ ပမာဏကို ပထမဆုံးအကြိမ်အဖြစ် ကျော်လွန် ခဲ့ခြင်းဖြစ်ကြောင်း လန်ဒန်အခြေစိုက် ICE နည်းပညာကုမ္ပဏီ၏ အချက်အလက်များ အရ သိရှိရပါသည်။

No comments:

Post a Comment