Wednesday, August 17, 2022

ကိုဆိုဗိုနှင့်ဆားဘီးယားတို့အကြား တင်းမာမှုများ အရှိန်မြင့်တက်လာပါက NATO တပ်ဖွဲ့ဝင်များကို တိုးမြှင့်ချသွားမည်ဆိုခြင်း

 

Reuters; Aug-17(Wed)

              ကိုဆိုဗိုနှင့် ဆားဘီးယားနိုင်ငံတို့အကြား တင်းမာမှုများ အရှိန်မြင့်တက်လာပါက  ကိုဆိုဗိုတွင် ၎င်း၏ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များကို တိုးမြှင့်တပ်ဖြန့်ချသွားမည်ဟု NATO အဖွဲ့အတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာ့ဂ် (Jens Stoltenberg) က ဩဂုတ်လ ၁၇ ရက်တွင် ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါသည်။ စတိုတန်ဘာ့ဂ် အနေဖြင့် ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) နှင့် ဘယ်လ်ဂျီယံ နိုင်ငံ၊ ဘရပ်ဆဲလ် (Brussel) မြို့၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် သတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်လည်း ကိုဆိုဗို၌ NATO တပ်ဖွဲ့ဝင် ၄,၀၀၀ နီးပါးရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ပြင် ကိုဆိုဗို၌ လုံခြုံရေးအခြေအနေအရလိုအပ်ပါက NATO တပ်ဖွဲ့ဝင်များအားပြောင်းရွှေ့၍ လိုအပ်သည့် နေရာများတွင် တပ်ဖြန့်ချထားမည်ဖြစ်ပြီး တပ်ဖွဲ့ဝင်အင်အားများကိုလည်း ဆက်လက် တိုးမြှင့်ရန် အသင့်စီစဉ်ထားလျက်ရှိကြောင်း စတိုတန်ဘာ့ဂ်က ပြောကြားခဲ့ပါသည်။

              ကိုဆိုဗိုနှင့်ဆားဘီးယားတို့အကြား တင်းမာမှုများသည် ယခုလအတွင်း ပြန်လည် မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ကိုဆိုဗို၌နေထိုင်သည့် ဆားဘီးယားကျောထောက်နောက်ခံပြု ဆာ့ဘ်လူမျိုးများအနေဖြင့် ကိုဆိုဗိုအစိုးရကထုတ်ပေးသည့် ကားလိုင်စင်နံပါတ်ပြားများ ကိုသာ အသုံးပြုရန်သတ်မှတ်ခဲ့ချိန်တွင် တင်းမာမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ဖိအားပေးမှုအရ ကိုဆိုဗိုဝန်ကြီးချုပ် အယ်လ်ဘင် ကာတီ (Albin Kurti) က ကားလိုင်စင်နံပါတ်ပြားစည်းမျဉ်းကို စက်တင်ဘာလ ၁ ရက်အထိ ရွှေ့ဆိုင်းရန် သဘောတူညီခဲ့သည့်အပြင် NATO ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များ ကလည်း ဆာ့ဘ်လူမျိုးများလုပ်ဆောင်ခဲ့သည့် လမ်းပိတ်ဆို့မှုများကို ဖယ်ရှားရှင်းလင်း ခဲ့ပြီးနောက် အခြေအနေမှာ ပြန်လည်ငြိမ်သက်သွားခဲ့ပါသည်။ ထိုကဲ့သို့ အခြေအနေများ ပြန်လည်ငြိမ်သက်သွားခဲ့သော်လည်း ကိုဆိုဗိုနှင့် ဆားဘီးယားတို့မှာ နယ်ပယ်ကဏ္ဍ အသီးသီးအပေါ် ရပ်တည်ချက်များမတူညီသောကြောင့် ဥရောပသမဂ္ဂ၏ ကြားဝင် ဆောင်ရွက်မှုဖြင့် ဩဂုတ်လ ၁၈ ရက်တွင်ပြုလုပ်မည့် ဆွေးနွေးညှိနှိုင်းမှုများမှာလည်း အခက်အခဲများဖြစ်ပေါ်စေလိမ့်မည်ဟု ဆားဘီးယားသမ္မတ ဘူစစ်က ထုတ်ဖော်ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment