Bulgarianmilitary.com;Aug-6(Sat)
တူကီယဲရေတပ်သည် တူကီယဲလေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း (Turkish Aerospace Industres-TAI) မှ တည်ဆောက်ထားသည့် Aksungur အမျိုးအစား ရေတပ်သုံး မောင်းသူမဲ့ကင်းထောက်လေယာဉ်သစ်အား လက်ခံရရှိခဲ့ကြောင်း Bulgarianmilitary. com ဝဘ်ဆိုက်တွင် ဩဂုတ်လ ၆ ရက်၌ ဖော်ပြထားပါသည်။ မိမိတို့အနေဖြင့် Aksungur အမျိုးအစား မောင်းသူမဲ့ကင်းထောက်လေယာဉ်သစ်အား တူကီယဲရေတပ်ဌာနချုပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါမောင်းသူမဲ့လေယာဉ်သည် တာဝန် ထမ်းဆောင်ရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်း တူကီယဲနိုင်ငံ၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ညွှန်ကြားရေးမှူး အစ္စမေးဒီမာ (Ismail Demir) က ပြောကြားခဲ့ပါသည်။ Aksungur မောင်းသူမဲ့လေယာဉ်သည် ကင်းထောက်လေယာဉ်အမျိုးအစားဖြစ်သော်လည်း တိုက်ခိုက်ရေး အတွက် အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်ပါသည်။
အဆိုပါမောင်းသူမဲ့လေယာဉ်သည် အလေးချိန် ၇၅၀ ကီလိုဂရမ်သယ်ဆောင် နိုင်ပြီး ၁၂ မီတာ အရှည်ရှိပါသည်။ ၎င်း၏တောင်ပံအရှည်မှာ ၂၄ မီတာရှိပြီး အမြင့် ၁၂,၁၉၂ မီတာ (၄၀,၀၀၀ ပေ) အထိ ပျံသန်းနိုင်ကာ တစ်နာရီလျှင် ၂၅၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နိုင်ပါသည်။ အဆိုပါမောင်းသူမဲ့လေယာဉ်သည် တစ်ကြိမ်လျှင် နာရီပေါင်း ၆၀ ခန့် အထိပျံသန်းနိုင်ပြီး တိုက်ခိုက်ရေးအတွက် Roketsan Cirit ဒုံးကျည်အား အဓိကတပ်ဆင် အသုံးပြုနိုင်ပါသည်။ ၎င်းဒုံးကျည်အား ကာ့ဒ်စစ်သွေးကြွများကို တိုက်ခိုက်ရာတွင်လည်း ကောင်း၊ ဆီးရီးယားစစ်ပွဲအတွင်း၌လည်းကောင်း၊ သံလွင်ခက်စစ်ဆင်ရေး (Operation Olive Branch) တွင်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် နာဂေါ်နို-ကာရာဘတ်ခ်ပဋိပက္ခအတွင်း၌ လည်းကောင်း အသုံးပြုထားပြီးဖြစ်ပါသည်။ Aksungur မောင်းသူမဲ့ကင်းထောက်လေယာဉ် များသည် ဗုံးအမျိုးမျိုးကို တပ်ဆင်အသုံးပြုနိုင်ပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ပထမဆုံးအကြိမ်ထုတ်ဖော်ပြသခဲ့ကာ လက်ရှိအချိန်အထိ နမူနာလေယာဉ်ပုံစံအပါအဝင် စုစုပေါင်း ၆ စင်းသာ ထုတ်လုပ်ရသေးကြောင်း သိရှိရပါသည်။
No comments:
Post a Comment