Tuesday, October 4, 2022
ဂရိနှင့်ဖြစ်ပွားလျက်ရှိသော အငြင်းပွားမှုများတွင် တူကီယဲ၏အခွင့်အရေးများကို ကာကွယ်သွားမည်ဟု တူကီယဲသမ္မတက ကတိပြုပြောကြားခဲ့ခြင်း
Xinhua;Sep-27(Tue)
ဂရိနိုင်ငံနှင့်ဖြစ်ပွားလျက်ရှိသော အငြင်းပွားမှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် တူကီယဲနိုင်ငံ၏အခွင့်အရေးနှင့် အကျိုးစီးပွားများကိုကာကွယ်ရန် နည်းလမ်းများအားလုံးကို အသုံးပြုသွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က စက်တင်ဘာလ ၂၆ ရက်တွင် ကတိပြုပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။
သုံးသပ်ချက်
NATO မဟာမိတ်နိုင်ငံများဖြစ်ကြသော ဂရိနှင့် တူကီယဲနိုင်ငံတို့သည် အေဂျီယန် ပင်လယ်၌ဖြစ်ပေါ်နေသည့် အငြင်းပွားမှုများနှင့်ပတ်သက်၍ တင်းမာမှုများမြင့်တက်လျက် ရှိပါသည်။ ဂရိနိုင်ငံသည် အေဂျီယန်ကျွန်းစုများဖြစ်သော ဆာမို့စ် (Samos) နှင့် လက်စ်ဘို့စ် (Lesbos) တို့၌ အမေရိကန်နိုင်ငံထုတ် သံချပ်ကာယာဉ်များကို တပ်ဖြန့်ချထားခဲ့သည့် ဝေဟင်ဓာတ်ပုံများကို တူကီယဲမီဒီယာများက စက်တင်ဘာလ ၂၆ ရက်တွင် ထုတ်ဖော် ပြသခဲ့ပါသည်။ ၎င်းသည် နိုင်ငံတကာဥပဒေအရ ကျွန်းများ၏ စစ်ဘက်ဆိုင်ရာအဆင့်အတန်း များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း တူကီယဲအာဏာပိုင်များက ပြောကြားခဲ့ပါသည်။ အေဂျီယန်ကျွန်းများကို ၁၉၂၃ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် လောင်ဆန်နီ (Lausanne) စာချုပ်နှင့် ၁၉၄၇ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် ပဲရစ် (Paris) သဘောတူစာချုပ်များအရ ဂရိနိုင်ငံသို့လွှဲပြောင်းပေးအပ်ခဲ့ရသော်လည်း သဘောတူစာချုပ်တွင် ၎င်းကျွန်းများပေါ်၌ စစ်လက်နက်ပစ္စည်းများတပ်ဆင်ခြင်းမပြုရန် ကတိကဝတ်များပါရှိပါသည်။ ဂရိနိုင်ငံအနေဖြင့် အေဂျီယန်ပင်လယ်ရှိကျွန်းစုများ၌ စစ်ရေးအင်အားတိုးချဲ့လာခြင်းသည် ကာလကြာရှည်စွာ သဘောတူညီခဲ့သည့် နိုင်ငံတကာသဘောတူစာချုပ်များကို ချိုးဖောက်ခြင်းဖြစ်သကဲ့သို့ စစ်မဲ့ဇုန်အဖြစ်ထားရှိရန် ပျက်ကွက်သည့်လုပ်ရပ်တစ်ခုဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် တူကီယဲသမ္မတသည် ဂရိ၏လုပ်ရပ်များကိုဆန့်ကျင်၍ နိုင်ငံ၏အခွင့်အရေးနှင့် အကျိုးစီးပွားများကိုကာကွယ်ရန် နည်းလမ်းများအားလုံးကို အသုံးပြုသွားမည်ဟု ထုတ်ဖော်ပြောကြားလာခဲ့ပါသည်။ ဂရိနိုင်ငံဘက်ကမူ တူကီယဲ၏ဆောင်ရွက်ချက်သည် အခြေအမြစ်မရှိသည့်လုပ်ရပ်သာဖြစ်ပြီး ရန်လိုသောအပြုအမူတစ်ခုသာဖြစ်ကြောင်း တုံ့ပြန် ပြောကြားခဲ့ပါသည်။ တူကီယဲနှင့် ဂရိတို့အကြား လတ်တလောဖြစ်ပေါ်နေသည့်ကိစ္စရပ် များနှင့်အတူ အပြန်အလှန်ဝေဖန်ပြောကြားချက်များကြောင့် ရှိရင်းစွဲတင်းမာမှုများကို ပိုမိုမြင့်တက်လာစေနိုင်ပြီး အနာဂတ်ကာလများတွင် ထိပ်တိုက်တွေ့ဆုံမည့်အခြေအနေ များသို့ ရောက်ရှိလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
Labels:
ဂရိ,
တူကီယဲ,
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment