ANI News; Oct-31(Mon)
တူကီယဲနိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်စပ်လျဉ်း၍ ၎င်း၏အမြင် များကို ထုတ်ဖော်ပြောကြားထားသည့် မိန့်ခွန်းတစ်ရပ်အား တူကီယဲသမ္မတ ရီဆက် တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်ဟု ANI News သတင်းဌာနက အောက်တိုဘာလ ၃၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါမိန့်ခွန်းတွင် စစ်ဘက်အာဏာရယူထားစဉ် ၁၉၈၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ ရက်၌ ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ၏သက်တမ်းမှာ ကုန်ဆုံးသွားပြီဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်သည် တရားဥပဒေစိုးမိုးရေးအပါအဝင် မျိုးနွယ်စု၊ နိုင်ငံရေး၊ ဘာသာကိုးကွယ်မှု မတူကွဲပြားသော်လည်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုများနှင့် တန်းတူညီမျှမှုများကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း တူကီယဲသမ္မတက ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် လာမည့်နှစ်သည် တူကီယဲနိုင်ငံတည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်မြောက်မည်ဖြစ်သောကြောင့် အဆိုပါနေ့အထိမ်းအမှတ်အဖြစ် တူကီယဲနိုင်ငံ၏ နိုင်ငံရေးအား ပုံစံ၊ လုပ်ငန်းလည်ပတ်မှုနှင့် ရလဒ်များနှင့်အတူ ခေတ်သစ်အပြောင်း အလဲတစ်ခုအဖြစ် ပြောင်းလဲဖော်ဆောင်လိုကြောင်း တူကီယဲသမ္မတက ပြောကြားခဲ့ ပါသည်။
တူကီယဲနိုင်ငံသားများ၏ဆန္ဒဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ဖော်ဆောင် ခြင်းသည်လည်း တူကီယဲနိုင်ငံတည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အစီအစဉ် များအနက်မှတစ်ခုဖြစ်ကြောင်း တူကီယဲသမ္မတက ပြောကြားခဲ့ပါသည်။ ဒီမိုကရေစီနှင့် လစ်ဘရယ်ဆန်သော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဖော်ဆောင်နိုင်ရေး ကြိုးပမ်းလျက် ရှိကြောင်းနှင့် အမျိုးသမီးများ၏ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို သေချာ စေမည့် ဖွဲ့စည်းပုံပြင်ဆင်ချက်မူကြမ်းကို လာမည့်သီတင်းပတ်တွင် တင်သွင်းသွားမည် ဖြစ်ကြောင်း တူကီယဲသမ္မတက ပြောကြားခဲ့ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တွင် နိုင်ငံသားများ၏အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အာမခံပေးနိုင်သည့် စည်းမျဉ်းများပါဝင်နိုင်မည့် အလားအလာရှိကြောင်းနှင့် တူကီယဲသမ္မတ၏ဖွဲ့စည်းပုံ အခြေခံဆိုင်ရာမိန့်ခွန်းသည် လာမည့် ၂၀၂၃ ခုနှစ်၊ ဇွန်လတွင်ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်ကြေညာချက်တစ်ခုဖြစ်နိုင်ကြောင်း သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။
သုံးသပ်ချက်
တူကီယဲနိုင်ငံသည် နိုင်ငံစတင်ထူထောင်ချိန်မှစ၍ ၁၉၅၀ ပြည့်နှစ်အထိ တစ်ပါတီတည်းမှ အုပ်ချုပ်သည့်စနစ်ကိုကျင့်သုံးခဲ့ပြီး ၁၉၅၀ ပြည့်နှစ်မှစ၍ ပါလီမန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သောနိုင်ငံဖြစ်ပါသည်။ ၁၉၆၁ ခုနှစ်တွင် ပြင်ဆင်ရေးဆွဲ ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော် ၂ ရပ်ရှိခဲ့ပြီး ၁၉၈၂ ခုနှစ်၌ ပြင်ဆင် အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေအရ Grand National Assembly ဟု ခေါ်သော လွှတ်တော်တစ်ရပ်တည်းသာထားရှိကာ လွှတ်တော်၌ အမတ်နေရာ ၅၅၀ နေရာပါဝင်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်များအရ နိုင်ငံရေးစနစ်အား ပါလီမန်ဒီမိုကရေစီ စနစ်မှ သမ္မတဦးဆောင်သော ပါတီစုံဒီမိုကရေစီစနစ်သို့ ကူးပြောင်းခဲ့ပြီး လွှတ်တော် အမတ်နေရာကိုလည်း ၆၀၀ အထိ တိုးမြှင့်ထားရှိခဲ့ပါသည်။ ထို့ကြောင့် သမ္မတသည် လုပ်ပိုင်ခွင့် အခွင့်အာဏာအပြည့်အဝရှိလာပြီး နိုင်ငံတော်နှင့် အစိုးရအဖွဲ့၏ အကြီးအကဲ ဖြစ်လာခဲ့ပါသည်။ သမ္မတ အာဒိုဂန်၏သမ္မတစနစ်ဖြင့် အုပ်ချုပ်မှုသည် အာဏာရှင်ဆန်ဆန် ကျင့်သုံးလျက်ရှိသည်ဟု အတိုက်အခံပါတီများက ဝေဖန်ပြောကြားလျက်ရှိပါသည်။ ထို့ကြောင့် အတိုက်အခံပါတီခြောက်ဖွဲ့သည် သမ္မတစနစ်ဖျက်သိမ်းရေးအပါအဝင် နိုင်ငံသားလွတ်လပ်ခွင့်များ ပြန်လည်တည်ဆောက်ရေးနှင့် ခိုင်မာအားကောင်းသော လွှတ်တော်စနစ်အောက်တွင် တရားဥပဒေစိုးမိုးရေးဖော်ဆောင်ပေးရန်အတွက် ပူးတွဲ ကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ လက်ရှိချိန်တွင် တူကီယဲသမ္မတ သည် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲနိုင်ရေးနှင့်စပ်လျဉ်း၍ ၎င်း၏အမြင်များကို ထည့်သွင်းပြောကြားခဲ့ပါသည်။ အဆိုပါဖွဲ့စည်းပုံပြင်ဆင်ရေး ပြောကြားမှုအပေါ် အတိုက် အခံပါတီများကလည်း ထောက်ခံလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်သည် တရားဥပဒေစိုးမိုးရေးအပါအဝင် မျိုးနွယ်စု၊ နိုင်ငံရေး၊ ဘာသာ ကိုးကွယ်မှု မတူကွဲပြားသော်လည်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုများ၊ တန်းတူ ညီမျှမှုများ၊ နိုင်ငံသားများ၏အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အာမခံ ပေးနိုင်သည့်စည်းမျဉ်းများပါဝင်လာမည်ဖြစ်ပါသည်။ သို့ဖြစ်၍ တူကီယဲသမ္မတ၏ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရေးဆောင်ရွက်ချက်သည် ၎င်းအပေါ်လူထုထောက်ခံမှု မြင့်တက် လာနိုင်ကြောင်းနှင့် လာမည့် ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲအတွက် ၎င်းအနိုင်ရရှိရေး ကြိုးပမ်းမှု၏အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment