Monday, October 24, 2022

ဆွီဒင်အစိုးရသည် NATO အဖွဲ့ဝင်ဖြစ်ရေးအတွက် တူကီယဲနိုင်ငံ၏လိုအင်ဆန္ဒများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် ကတိပြုပြောကြားခဲ့ခြင်း

 

The National News;Oct-25(Tue)

             ဆွီဒင်အစိုးရသည် NATO  အဖွဲ့ဝင်ဖြစ်ရေးအတွက် တူကီယဲနိုင်ငံနှင့်ချုပ်ဆိုခဲ့သော သဘောတူညီမှုအရ တူကီယဲအစိုးရ၏ လိုအင်ဆန္ဒအားလုံးကို ဖြည့်ဆည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၄ ရက်တွင် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး တိုဘိုင် ယက်စ်ဘီလ်စထရောင်း (Tobias Billstrom) က ပြောကြားခဲ့သည်ဟု The National News သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဆွီဒင်အစိုးရအနေဖြင့် တူကီယဲ၊ ဥရောပနိုင်ငံ များနှင့် အမေရိကန်နိုင်ငံတို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် ကာ့ဒ်အလုပ်သမားပါတီ (Kurdistan Workers’ Party-PKK) အဖွဲ့ဝင်များနှင့်ပတ်သက်၍ တူကီယဲအစိုးရ၏ စိုးရိမ်ပူပန်နေမှုများအပေါ် နားလည်လက်ခံကြောင်း စထရောင်းက ပြောကြားခဲ့ပါသည်။ ဆွီဒင်အစိုးရအနေဖြင့် ထိုကဲ့သို့ တူကီယဲနိုင်ငံ၏ စိုးရိမ်ပူပန်မှု အပေါ် နားလည်လက်ခံမှုသည် အပေါ်ယံသဘောထားဖြင့်ပြုမူခဲ့ခြင်းမဟုတ်ကြောင်းနှင့်  အကြမ်းဖက်အဖွဲ့အစည်းများအား ဆွီဒင်နိုင်ငံ၏ ပိုင်နက်နယ်မြေများကိုအသုံးပြု၍ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေမှုကို ခွင့်ပြုပေးသွားမည်မဟုတ်ကြောင်း စထရောင်းက ပြောကြားခဲ့ပါသည်။

             ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် NATO အဖွဲ့ဝင်ရေးနှင့်ပတ်သက်၍ တူကီယဲ နိုင်ငံနှင့်ချုပ်ဆိုခဲ့သော သဘောတူညီချက်အရ ဆီးရီးယားနိုင်ငံရှိ PKK ပါတီအဖွဲ့အစည်း များအပါအဝင် ၎င်းတို့နှင့်ဆက်နွှယ်လျက်ရှိသောအဖွဲ့အစည်းများအား ကူညီထောက်ပံ့မှုများ ပေးအပ်မည်မဟုတ်ကြောင်း ကတိပြုပြောကြားခဲ့ကြပါသည်။ ထို့ပြင် ဆွီဒင်နှင့် ဖင်လန် နိုင်ငံတို့သည် တူကီယဲကတောင်းဆိုထားသည့် အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခံထားရသော ကာ့ဒ်လူမျိုးများအား လွှဲပြောင်းပေးသွားရန်အတွက်လည်း သဘောတူညီခဲ့ကြပါသည်။ တူကီယဲနိုင်ငံက PKK ပါတီအား တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့မှုနှင့်ပတ်သက်၍ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့က ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှစ၍ တူကီယဲနိုင်ငံအပေါ် လက်နက် ရောင်းချမှုကို ပိတ်ပင်တားမြစ်ခဲ့ကြောင်း သတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ သိရှိရပါသည်။

ရိုမေးနီးယားကာကွယ်ရေးဝန်ကြီး ဗာဆီလီဒင်စူ (Vasile Dincu) သည် အောက်တိုဘာလ ၂၄ ရက်တွင် ရာထူးမှနုတ်ထွက်ခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ရိုမေးနီးယားသမ္မတနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် အကျပ်အတည်း များဖြစ်ပေါ်လျက်ရှိသောကြောင့် ၎င်းကဲ့သို့ နုတ်ထွက်ရခြင်းဖြစ်ကြောင်း ဒင်စူက ပြောကြား ထားပါသည်။ ယူကရိန်းအနေဖြင့် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခအဆုံးသတ်နိုင်ရန် အတွက် ရုရှားနှင့် စေ့စပ်ညှိနှိုင်းရန်သာအခွင့်အရေးရှိကြောင်း ဒင်စူက အောက်တိုဘာလ အစောပိုင်းတွင် ပြောကြားခဲ့ပြီးနောက် သမ္မတနှင့် သဘောထားကွဲလွဲမှုများပေါ်ပေါက် ခဲ့ခြင်းဖြစ်ပါသည်။ ဒင်စူသည် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းကြောင့် သမ္မတနှင့် လက်ရှိ အာဏာရညွန့်ပေါင်းအစိုးရခေါင်းဆောင်များ၏ ပြစ်တင်ဝေဖန်မှုများခံခဲ့ရကြောင်း သိရှိရ ပါသည်။

No comments:

Post a Comment