Al-Monitor;Oct-5(Wed)
အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ်ပါရှင်ရန် (Nikol Pashinyan) သည် ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့၌ အောက်တိုဘာလ ၆ ရက်တွင် ကျင်းပပြုလုပ်မည့် ဥရောပ ညီလာခံ၏ ဆက်စပ်အစည်းအဝေးအဖြစ် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း Al-Monitor သတင်းဌာနက အောက်တိုဘာလ ၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ လွန်ခဲ့သော ၂ နှစ်ခန့်က ၄၄ ရက်ကြာဖြစ်ပွားခဲ့သော နာဂေါ်နို-ကာရာဘတ်ပဋိပက္ခတွင် တူကီယဲသည် အဇာဘိုင်ဂျန် အားအနိုင်ရရှိစေရန် အကူအညီများပေးအပ်ခဲ့ခြင်းကြောင့် အာမေးနီးယားနှင့် အာဇာဘိုင်ဂျန် နိုင်ငံတို့အကြား တင်းမာမှုများဖြစ်ပွားခဲ့ရသည့်အတွက် နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် ကြိုးပမ်းနေစဉ်တွင် နှစ်နိုင်ငံခေါင်းဆောင်များအကြား ပထမဆုံးအကြိမ်အဖြစ် သီးခြား တွေ့ဆုံခြင်းလည်းဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ အာမေးနီးယားနိုင်ငံမှ အထူး သံအမတ်ကြီး ရူဘန်ရူဘန်ရန် (Ruben Rubenyan) တက်ရောက်မည်ဖြစ်ကြောင်း အာမေးနီးယားတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သော်လည်း တူကီယဲဘက်ကမူ မှတ်ချက်ပြုပြောကြားထားခြင်း မရှိသေးပေ။
အာမေးနီးယားဝန်ကြီးချုပ်အနေဖြင့် နာဂေါ်နို-ကာရာဘတ်ပဋိပက္ခကို အဆုံးသတ် နိုင်မည့် ငြိမ်းချမ်းရေးစာချုပ်တစ်ရပ်ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးပွဲများ ပြန်လည် စတင်ရန် အဇာဘိုင်ဂျန်သမ္မတ အီဟန်အလီရက် (Ilham Aliyev) နှင့် ဥရောပနိုင်ငံရေး အသိုက်အဝန်းအစည်းအဝေးတွင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ပါသည်။ ဥရောပ နိုင်ငံရေးအသိုက်အဝန်းသည် ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် မဟုတ်သော ၁၇ နိုင်ငံတို့အကြား တွေ့ဆုံဆွေးနွေးမှုများ ခိုင်မာအားကောင်းလာစေရန် ရည်ရွယ်၍ ပြင်သစ်သမ္မတ အီမန်နျူရယ်လ်မက်ခရွန် (Emmanuel Macron) က အကောင်အထည်ဖော်သည့် အစီအမံတစ်ခုဖြစ်ပါသည်။ အာမေးနီးယားတာဝန်ရှိသူများ အနေဖြင့် တူကီယဲ၊ အာဇာဘိုင်ဂျန်တို့နှင် သုံးနိုင်ငံတွေ့ဆုံဆွေးနွေးရန် အစီအစဉ်မရှိ ကြောင်း ပြောကြားခဲ့သော်လည်း အာမေးနီးယားဝန်ကြီးချုပ်နှင့် အာဇာဘိုင်ဂျန်သမ္မတ တို့သည် ပြစ်သစ်သမ္မတနှင့် ဥရောပသမဂ္ဂကောင်စီဥက္ကဋ္ဌ ချားလ်မိုက်ကယ်လ် (Charles Michel) တို့နှင့် ၄ ပွင့်ဆိုင်ဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ပါသည်။ တူကီယဲသည် ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုမှ အာမေးနီးယား၏ လွတ်လပ်ရေးကြေညာမှုကို ပထမဆုံးအသိအမှတ်ပြုသည့်နိုင်ငံဖြစ်သော်လည်း နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တစ်ရပ်ထူထောင်နိုင်ခြင်းမရှိသေးကြောင်း သိရှိရပါသည်။
No comments:
Post a Comment