Wednesday, October 19, 2022
တူကီယဲနှင့် ရုရှားသမ္မတတို့သည် တူကီယဲအား ရုရှားသဘာဝဓာတ်ငွေ့ပို့လွှတ်မှု အတွက် အချက်အချာနေရာအဖြစ်ထားရှိရန် သဘောတူညီခဲ့ကြခြင်း
Xinhua; Oct-20 (Thu)
တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ရုရှား သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့သည် ရုရှားဓာတ်ငွေ့အား ဥရောပနိုင်ငံ များသို့ ပို့လွှတ်ရာတွင် တူကီယဲနိုင်ငံကို ဓာတ်ငွေ့ဖြန့်ဖြူးရေးအချက်အချာနေရာအဖြစ် ထားရှိရန် သဘောတူညီခဲ့ကြကြောင်း အောက်တိုဘာလ ၁၉ ရက်တွင် သမ္မတ အာဒိုဂန်က ထုတ်ပြန်ကြေညာခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ တူကီယဲနိုင်ငံသည် နိုင်ငံတကာသဘာဝဓာတ်ငွေ့ ပိုက်လိုင်းပို့လွှတ်မှုအတွက် အချက်အချာနေရာတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်းနှင့် အထက်ပါအစီအစဉ်အား အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။ ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားမှုများကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံအများအပြားသည် စွမ်းအင်နှင့် စားနပ်ရိက္ခာ အကျပ်အတည်းများဖြင့် ရင်ဆိုင်ရလျက်ရှိသော်လည်း တူကီယဲနိုင်ငံမှာမူ ပိုမို ကောင်းမွန်သော အခြေအနေတစ်ခုတွင် ရပ်တည်နေလျက်ရှိကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။
သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပို့လွှတ်မှုအချက်အချာနေရာတစ်ခုတည်ဆောက်ရန် အစီအစဉ်အားအကောင်အထည်ဖော်ဆောင်ရွက်ရန် တူကီယဲနိုင်ငံရှိ ဥရောပတိုက် အပိုင်းတွင်ပါဝင်သော ထရေ့ဒေသ (Thrace) သည် အသင့်တော်ဆုံးနေရာတစ်ခုဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ ခေါင်းဆောင်နှစ်ဦးသည် အောက်တိုဘာလ ၁၃ ရက်တွင် ကာဇက်စတန်နိုင်ငံ၊ မြို့တော် အက်စ်တာနာ (Astana) ၌ ကျင်းပပြုလုပ် ခဲ့သော ရုရှားစွမ်းအင် ရက်သတ္တပတ်ဖိုရမ် (Russian Energy Week Forum) အတွင်း အထက်ပါအစီအစဉ်နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြပါသည်။ ပြီးခဲ့သည့် ဩဂုတ်လနှောင်းပိုင်းတွင် ပင်လယ်ရေအောက်ပေါက်ကွဲမှုတစ်ခုကြောင့် Nord Stream ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီးနောက် သမ္မတ နှစ်ဦး၏ အထက်ပါအစီအစဉ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါသည်။ ၎င်းဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားပြီးနောက် ရုရှားနိုင်ငံမှ ဥရောပနိုင်ငံများသို့ ဓာတ်ငွေ့ပို့လွှတ်ရန် တစ်ခုတည်းသောလမ်းကြောင်းသည် ရုရှားနှင့် တူကီယဲနိုင်ငံတို့အကြား သွယ်တန်းထားလျက်ရှိသော Turk Stream ဓာတ်ငွေ့ပိုက်လိုင်း တစ်ခုသာ ကျန်ရှိတော့ကြောင်း သတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ သိရှိရ ပါသည်။
သုံးသပ်ချက်
တူကီယဲနိုင်ငံသည် ရုရှား၊ ယူကရိန်း နှစ်နိုင်ငံစလုံးနှင့် ရင်းနှီးသောဆက်ဆံရေး ရှိပြီး ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခစတင်သည့် ဖေဖော်ဝါရီလမှစ၍ ဘက်လိုက်ခြင်း ကင်းသည့် ဟန်ချက်ညီသောမူဝါဒ (Balanced Policy) ကို ကျင့်သုံးခဲ့ပါသည်။ တူကီယဲ အစိုးရသည် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခကြောင့် ရပ်ဆိုင်းထားခဲ့သော ယူကရိန်း ပင်လယ်နက်ဆိပ်ကမ်း ၃ ခုမှ ဂျုံတင်ပို့မှုများ ပြန်လည်စတင်နိုင်ရေးအတွက် ကြားဝင် စေ့စပ်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့်ဇူလိုင်လ ၂၂ ရက်တွင် သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ ထို့ပြင် တူကီယဲသမ္မတ ရီဆတ်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) သည် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား သဘော တူညီချက်ရရှိရန် မတ်လမှစ၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပကာ ကြားဝင် စေ့စပ်ပေးမှုများ ပြုလုပ်ခဲ့ပါသည်။ လက်ရှိတွင်လည်း ရုရှားနိုင်ငံမှ ဥရောပနိုင်ငံများသို့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းပို့လွှတ်မှု အချက်အချာနေရာတစ်ခုအား တူကီယဲနိုင်ငံအတွင်း တည်ဆောက်ရန် သမ္မတနှစ်ဦးအကြား သဘောတူညီခဲ့ကြပါသည်။ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းပို့လွှတ်မှု အချက်အချာနေရာတစ်ခုတည်ဆောက်ရန် အစီအစဉ်အား အကောင် အထည်ဖော်ဆောင်ရွက်ရန် တူကီယဲနိုင်ငံရှိ ထရေ့စ်ဒေသ (Thrace) သည် အသင့်တော်ဆုံး နေရာတစ်ခုဖြစ်သည့်အတွက် ခေါင်းဆောင်နှစ်ဦးသည် အောက်တိုဘာလ ၁၃ ရက်တွင် ကာဇက်စတန်နိုင်ငံ၊ မြို့တော် အက်စတာနာ (Astana) ၌ ပြုလုပ်ကျင်းပခဲ့သော ရုရှား စွမ်းအင်ရက်သတ္တပတ်ဖိုရမ် (Russian Energy Week Forum) အတွင်း အထက်ပါ အစီအစဉ်နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြပါသည်။ ပြီးခဲ့သည့် ဩဂုတ်လ နှောင်းပိုင်းတွင် ပင်လယ်ရေအောက်ပေါက်ကွဲမှုတစ်ခုကြောင့် Nord Stream ဓာတ်ငွေ့ ပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီးနောက် ရုရှားနိုင်ငံမှ ဥရောပနိုင်ငံများသို့ ဓာတ်ငွေ့ ပို့လွှတ်ရန် တစ်ခုတည်းသောလမ်းကြောင်းသည် ရုရှားနှင့် တူကီယဲနိုင်ငံတို့အကြား သွယ်တန်းထားလျက်ရှိသော Turk Stream ဓာတ်ငွေ့ပိုက်လိုင်းသာဖြစ်ကြောင်း သတင်း အရင်းအမြစ်များ၏ ဖော်ပြချက်အရ တွေ့ရှိရပါသည်။ ထို့ကြောင့် တူကီယဲသမ္မတနှင့် ရုရှားသမ္မတတို့သည် သဘာဝဓာတ်ငွေ့ပိုက်လိုင်းပို့လွှတ်မှုအတွက် အချက်အချာနေရာ တစ်ခုကို တည်ဆောက်နိုင်ခဲ့မည်ဆိုပါက ဥရောပနိုင်ငံများအနေဖြင့် လာမည့်ဆောင်း ရာသီကာလကို အန်တုကျော်လွှားနိုင်မည်ဖြစ်သည့်အပြင် ကြုံတွေ့နေရသော ဥရောပ၏ စွမ်းအင်အကျပ်အတည်းပြဿနာများကိုလည်း ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
Labels:
စွမ်းအင်,
တူကီယဲ,
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment