Wednesday, November 30, 2022

တူကီယဲနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့အကြား ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

Anadolu Agency;Dec-1(Thu)

တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) တို့သည် နှစ်နိုင်ငံနှင့် ဒေသတွင်း ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နိုဝင်ဘာလ ၃၀ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဒီဇင်ဘာလ ၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ ဖုန်းခေါ်ဆိုမှုအတွင်း တူကီယဲနှင့် အမေရိကန်နိုင်ငံတို့သည် အရေးပါသောမိတ်ဖက်နိုင်ငံများဖြစ်ကြောင်း ဝန်ကြီး အကာက အလေးထားပြောကြားခဲ့သည်ဟု တူကီယဲကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ တူကီယဲနိုင်ငံအနေဖြင့် ကုလသမဂ္ဂပဋိညာဉ် စာတမ်း၏ ပုဒ်မ ၅၁ အရ ကိုယ်ပိုင်ခုခံကာကွယ်ပိုင်ခွင့်နှင့်အညီ မိမိနိုင်ငံနှင့် နယ်စပ်လုံခြုံမှုရှိစေရေးအတွက် အကြမ်းဖက်မှုနှိမ်နင်းရေးစစ်ဆင်ရေးများအား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီး အကာက အီရတ်နှင့်ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ၎င်းနိုင်ငံ၏ နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးများကိုရည်ညွှန်း၍ အဆိုပါဖုန်းခေါ်ဆိုမှုအတွင်း ပြောကြားခဲ့ပါသည်။

ထို့ပြင် ၎င်းတို့အနေဖြင့် အဆိုပါစစ်ဆင်ရေးများတွင် အကြမ်းဖက်သမားများကို သာ အဓိကပစ်မှတ်ထား၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် တူကီယဲနိုင်ငံသည် မဟာမိတ် တပ်ဖွဲ့များ၊ ပြည်သူများအပေါ်မည်သည့်အခါမျှ ပစ်မှတ်ထားခြင်းမရှိကြောင်းကိုလည်း ၎င်းက အလေးထားပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ကြီး အကာသည် အကြမ်းဖက် ဝါဒကိုတိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွတ်မှုတို့သည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ် ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။ တူကီယဲနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သော အီရတ်နှင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းနယ်စပ်တစ်လျှောက်၌ ပုန်းအောင်းလျက် ရှိသော ကာ့ဒ်အလုပ်သမားပါတီ (PKK) အကြမ်းဖက်အဖွဲ့အားပစ်မှတ်ထား၍ Claw-Sword ဟု အမည်ပေးအပ်ထားသည့် စစ်ဆင်ရေးကို မကြာသေးမီက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment