DailySabah; Nov-23(Wed)
တူကီယဲနိုင်ငံအနေဖြင့် ခြိမ်းခြောက်ခံရပါက ရုရှားထံမှဝယ်ယူထားသည့် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုအသုံးပြုသွားရန် အသင့်အနေအထားတွင်ရှိကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) က နိုဝင်ဘာလ ၂၃ ရက်တွင် ပြောကြားခဲ့ပါသည်။ တူကီယဲနိုင်ငံ၊ မြို့တော်အန်ကာရာ၌ပြုလုပ်သည့် တူကီယဲ လွှတ်တော်၏စီမံကိန်းနှင့် ဘတ်ဂျက်ကော်မတီအစည်းအဝေးတွင် အကာက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ တူကီယဲသည် ရုရှားနှင့် မြေပြင်မှဝေဟင်ပစ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဝယ်ယူခြင်းအတွက် အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံခန့်တန်ဖိုးရှိ ပထမအကြိမ်သဘောတူစာချုပ်ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းစနစ်များကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ပထမဆုံးလက်ခံ ရရှိခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် အဆိုပါဝယ်ယူမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် NATO အဖွဲ့ဝင်ဖြစ်သော တူကီယဲနိုင်ငံအား F-35 ဂျက်တိုက်လေယာဉ် ရောင်းချရေး အစီအစဉ်မှ တစ်ဖက်သတ်ထုတ်ပယ်ခဲ့ပါသည်။
အမေရိကန်၏ အဆိုပါလုပ်ရပ်သည် တရားမျှတမှုမရှိကြောင်းနှင့် ဝယ်ယူရန် ပေးချေထားသည့် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံကိုလည်း ပြန်လည်ပေးအပ်ရန် တူကီယဲနိုင်ငံက တောင်းဆိုခဲ့ပါသည်။ ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ် ရေးစနစ်များသည် F-35 ဂျက်တိုက်လေယာဉ်များ၏ အသေးစိတ်အချက်အလက်များကို လျှို့ဝှက်စွာရယူနိုင်သည့်အပြင် NATO အဖွဲ့၏စနစ်နှင့်လည်း ကိုက်ညီမှုမရှိကြောင်း အမေရိကန်နိုင်ငံက ပြောကြားခဲ့ပါသည်။ တူကီယဲနိုင်ငံဘက်ကမူ S-400 များကို NATO စနစ်များတွင် ပေါင်းစည်းမည်မဟုတ်သကဲ့သို့ မဟာမိတ်များအပေါ်တွင်လည်း ခြိမ်းခြောက်မှု ပြုမည်မဟုတ်ကြောင်း အခိုင်အမာပြောကြားခဲ့ပါသည်။ သို့သော် အမေရိကန်နိုင်ငံသည် တူကီယဲကာကွယ်ရေးစက်မှုလုပ်ငန်းဥက္ကဋ္ဌ အစ်စမေးလ်ဒီမီယာ (Ismail Demir) အပါအဝင် ကာကွယ်ရေးစက်မှုလုပ်ငန်းမှတာဝန်ရှိသူများကို အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့သည့်အပြင် ရုရှားစနစ်များကို ဆက်လက်ဝယ်ယူပါက အရေးယူပိတ်ဆို့မှုများ ပိုမိုကြုံတွေ့ရနိုင်သည် ဟုလည်း အမေရိကန်လွှတ်တော်အမတ်များက ကြိမ်ဖန်များစွာပြောကြားလျက်ရှိကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
တူကီယဲနိုင်ငံသည် လက်ရှိအချိန်တွင် အစ္စတန်ဘူလ်မြို့အလယ်ပိုင်းရှိ အိုင်စတီ ကလက် (Istiklal) ရိပ်သာလမ်းတွင် ဗုံးပေါက်ကွဲခဲ့မှုအပါအဝင် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရပါသည်။ ထို့ကြောင့် တူကီယဲနိုင်ငံသည် အကြမ်းဖက်မှုတန်ပြန်ရေးအတွက် Operation Claw-Sword အမည်ရှိ လေကြောင်းစစ်ဆင်ရေးတစ်ရပ်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်တွင် ဆင်နွှဲခဲ့ပါသည်။ ထို့ပြင် ခြိမ်းခြောက်မှုများနှင့် ထပ်မံကြုံတွေ့ရ ဦးမည်ဆိုပါကလည်း ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် S-400 လေကြောင်းရန်ကာကွယ်ရေး စနစ်များကို အသုံးပြုသွားရန် အသင့်အနေအထားတွင်ရှိနေကြောင်း တူကီယဲကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ တူကီယဲနှင့် ရုရှားနိုင်ငံတို့သည် အမေရိကန် ဒေါ်လာ ၂.၅ ဘီလီယံခန့် တန်ဖိုးရှိ မြေပြင်မှဝေဟင်ပစ် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များ ဝယ်ယူပြီးနောက် ၎င်းစနစ်များကို ၂၀၁၉ ခုနှစ်တွင် ပထမဆုံး လက်ခံရရှိခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် အဆိုပါဝယ်ယူမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် F-35 ဂျက်တိုက်လေယာဉ်ရောင်းချရေးအစီအစဉ်မှ ၎င်း၏ NATO မဟာမိတ်တူကီယဲနိုင်ငံအား တစ်ဖက်သတ်ထုတ်ပယ်ခဲ့ပါသည်။ တူကီယဲနိုင်ငံဘက်ကမူ S-400 စနစ်များကို NATO စနစ်များတွင် ပေါင်းစည်းမည်မဟုတ်သကဲ့သို့ ခြိမ်းခြောက်မှုပြုမည်မဟုတ်ကြောင်းလည်း အခိုင်အမာပြောကြားခဲ့ပါသည်။ သို့သော်လည်း အမေရိကန်နိုင်ငံသည် တူကီယဲကာကွယ်ရေး စက်မှုလုပ်ငန်းဥက္ကဋ္ဌ အစ်စမေးလ်ဒီမီယာ (Ismail Demir) အပါအဝင် ကာကွယ်ရေး စက်မှုလုပ်ငန်းမှအရာရှိများကို အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပါသည်။ ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် F-35 ဂျက်တိုက်လေယာဉ်များ၏ အသေးစိတ် အချက်အလက်များကို လျှို့ဝှက်စွာရယူနိုင်သည့်အပြင် NATO စနစ်များနှင့်လည်း ကိုက်ညီမှု မရှိကြောင်း အမေရိကန်နိုင်ငံဘက်က ပြောကြားခဲ့ပါသည်။ သို့ဖြစ်၍ တူကီယဲနိုင်ငံသည် ၎င်းနိုင်ငံအပေါ်ကျရောက်နိုင်သည့် ခြိမ်းခြောက်မှုများကို ခုခံဟန့်တားနိုင်စေရန်ရည်ရွယ်၍ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များကိုအသုံးပြုရန် ဆုံးဖြတ်ထားသည်မှန်သော်လည်း ၎င်းစနစ်များသည် NATO အဖွဲ့၏ စည်းမျဉ်းများနှင့် ကိုက်ညီခြင်းမရှိဟုဆိုကာ အမေရိကန် နိုင်ငံအနေဖြင့် အရေးယူပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်သွားနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။
No comments:
Post a Comment