Tass;Nov-28(Mon)
တူကီယဲအနေဖြင့် အီဂျစ်နိုင်ငံနှင့် ဆွေးနွေးပွဲပြုလုပ်သကဲ့သို့ တူကီယဲနှင့် ဆီးရီးယားအကြား ဆက်ဆံရေးသည်လည်း တိုးတက်ကောင်းမွန်လာမည်မှာ ငြင်းပယ်၍ မရကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က နိုဝင်ဘာလ ၂၇ ရက်တွင် ပြောကြားခဲ့ကြောင်း Tass သတင်းဌာနက နိုဝင်ဘာလ ၂၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ သမ္မတ အာဒိုဂန်နှင့် အီဂျစ်သမ္မတ အဗ္ဗဒယ်လ်ဖာတက်အယ်လ်စီစီ (Abdel Fattah al-Sisi) တို့သည် နိုဝင်ဘာလ ၁၉ ရက်တွင် ကာတာနိုင်ငံ၌ကျင်းပသည့် ၂၀၂၂ ခုနှစ် ဖီဖာကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားအတွင်း ပထမဆုံးအကြိမ် သီးခြားတွေ့ဆုံ ခဲ့ပါသည်။ နှစ်နိုင်ငံအကြားတွေ့ဆုံမှုကို အလွန်ဝမ်းမြောက်ကြောင်း၊ တူကီယဲနှင့် အီဂျစ် နိုင်ငံတို့အကြား ဆက်ဆံရေးပုံမှန်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် အကောင်အထည် ဖော်ရာတွင် ဝန်ကြီးများအဆင့်ဆွေးနွေးမှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သမ္မတ အယ်လ်စီစီက ပြောကြားခဲ့ပါသည်။
သြဂုတ်လ ၅ ရက်တွင် ရုရှားနိုင်ငံ၊ ဆိုချီ (Sochi) မြို့၌ ရုရှားသမ္မတ ဗလာ ဒီမာပူတင် (Vladimir Putin) နှင့် သမ္မတ အာဒိုဂန်တို့အကြား ပြုလုပ်သည့်ဆွေးနွေးမှု အပြီးတွင် တူကီယဲသည် တူကီယဲနှင့် ဆီးရီးယားခေါင်းဆောင်များအကြား တိုက်ရိုက် ဆက်သွယ်မှုထူထောင်ရန်ဖြစ်နိုင်ခြေကို စောင့်ကြည့်လျက်ရှိကြောင်း တူကီယဲမီဒီယာ များက ဖော်ပြခဲ့ပါသည်။ ဆီးရီးယားနှင့် ဆွေးနွေးပွဲများပြုလုပ်ရန် စီစဉ်ထားခြင်းမရှိ ကြောင်းနှင့် တူကီယဲနှင့် ဆီးရီးယားတို့အကြား ထိတွေ့ဆက်ဆံမှုကို အထူးဝန်ဆောင်မှု အဆင့်တွင်သာ ထိန်းသိမ်းထားကြောင်း တူကီယဲအာဏာပိုင်များက ပြောကြားခဲ့ပါသည်။ အောက်တိုဘာလ ၆ ရက်တွင် ပရာ့ဂ် (Pragu) မြို့၌ကျင်းပခဲ့သော ဥရောပနိုင်ငံရေး အသိုက်အဝန်းအစည်းအဝေးအပြီးတွင် ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ်အာဆတ် (Bashar al-Assad) နှင့် လူချင်းတွေ့ဆုံဆွေးနွေးရန် လတ်တလောစီစဉ်ထားမှုမရှိကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment