Anadolu Agency;Jan-22(Sun)
တူကီယဲနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ယဉ်ကျေးမှု ဆိုင်ရာဆက်ဆံရေးကို အကောင်းဆုံးအဆင့်ထိမြှင့်တင်နိုင်ရန် အခိုင်အမာဆုံးဖြတ်ထား ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တူကီယဲသံအမတ်ကြီး မူစတာဖာအိုစ်မန်တူရန် (Mustafa Osman Turan) က ပြောကြားခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဇန်နဝါရီလ ၂၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် သမိုင်း၊ ယဉ်ကျေးမှု၊ တန်ဖိုးထားမှုများနှင့် ဘာသာရေးဆိုင်ရာများ အပြန်အလှန်ဝေမျှခြင်း အပေါ်တွင် ခိုင်မာစွာအခြေခံထားကြောင်း၊ နှစ်နိုင်ငံအနေဖြင့် ကုန်သွယ်မှုနှင့် ယဉ်ကျေးမှု ဆိုင်ရာဆက်ဆံရေးကိုမြှင့်တင်ရန် အကောင်းဆုံးလမ်းစဉ်ကို လျှောက်လှမ်းနေကြကြောင်း၊ ဘင်္ဂလားဒေ့ရှ်သည် တောင်အာရှဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အရေးပါသည့်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း တူရန်က ဆက်လက်ပြောကြားခဲ့ပါသည်။
တူကီယဲနိုင်ငံတွင် အာရှဒေသဆိုင်ရာမူဝါဒတစ်ရပ်ရှိပြီး ၎င်းမူဝါဒတွင် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အဓိကကျသည့်အခန်းကဏ္ဍတွင်ပါဝင်လျက်ရှိကြောင်း၊ တူကီယဲသည် နိုင်ငံတွင်းငြိမ်းချမ်းမှု ရှိခြင်းနှင့်အတူ ကမ္ဘာတစ်လွှားတွင် ငြိမ်းချမ်းရေးပံ့ပိုးပေးသည့်နိုင်ငံအဖြစ်တည်ရှိနေကြောင်း၊ ဘင်္ဂလားဒေ့ရှ်အနေဖြင့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်တွင် ပါဝင်ကူညီခြင်း အတွက် ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် တူကီယဲနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ ပူးပေါင်း ကြိုးပမ်းမှုသည် ကမ္ဘာ့ငြိမ်းချမ်းရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တူကီယဲသံအမတ်ကြီးအဖြစ် ၃ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီး မကြာမီတွင် အစားထိုးခံရနိုင်ဖွယ်ရှိသည့် တူရန်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
သုံးသပ်ချက်
တူကီယဲနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးသည် ရာစုနှစ်ပေါင်း များစွာကြာ တည်ဆောက်ထားပြီးဖြစ်ပါသည်။ နှစ်နိုင်ငံစလုံးသည် အစ္စလာမ္မစ်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာအဖွဲ့အစည်း (Organisation of Islamic Cooperation) တွင် အဖွဲ့ဝင်နိုင်ငံများဖြစ်ကြပါသည်။ နှစ်နိုင်ငံအနေဖြင့် သံရုံးများအားအပြန်အလှန်တည်ဆောက် ထားပြီးဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်တွင် ဘင်္ဂလားဒေ့ရှ်နှင့် တူကီယဲတို့ သည် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြ ပါသည်။ ၂၀၁၇ ခုနှစ်တွင် တူကီယဲသမ္မတ၏ဇနီး အမိုင်နဲအာဒိုဂန် (Emine Erdogan) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ရိုဟင်ဂျာများဝင်ရောက်လာမှုအား ကိုင်တွယ်ဖြေရှင်း ရာတွင် ပံ့ပိုးကူညီသည့် ပထမဆုံးသော ပြည်ပခေါင်းဆောင်၏ အမျိုးသမီးဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်သည် တူကီယဲထံမှ ၄ နိုင်ငံမြောက် လက်နက်အများဆုံးဝယ်ယူသည့် နိုင်ငံဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သော တူကီယဲ၏ အသစ်တစ်ဖန် တီထွင်ဆန်းသစ်မှု (Asia Anew Initiative-ANI) သည် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းမှုတွင် ပိုမိုကောင်းမွန်စေရန်အတွက် အာရှနိုင်ငံများနှင့် ၎င်း၏သံတမန် ဆက်ဆံရေးကိုပြောင်းလဲရန် ရည်ရွယ်ပါသည်။ ANI ၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် တူကီယဲသည် ၎င်း၏ အာရှဒေသမိတ်ဖက်ဟောင်းဖြစ်သော ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်၍ တူကီယဲနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ရာစုနှစ်ပေါင်းများစွာ ဆက်ဆံရေးကောင်းမွန်သကဲ့သို့ ပူးပေါင်း ဆောင်ရွက်မှုများနှင့် ပေါင်းစပ်ညှိနှိုင်းမှုများလုပ်ဆောင်လျက်ရှိရာ အနာဂတ်တွင်လည်း အဆိုပါဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ကာ အပြန်အလှန်အကျိုးပြုနေ မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment