Monday, January 16, 2023

DRC သည် တူကီယဲနိုင်ငံထံမှ စစ်လက်နက်ပစ္စည်းကိရိယာတန်ဆာပလာများ လက်ခံရရှိခဲ့ခြင်း

The Defense Post;Jan-17(Tue)

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အနေဖြင့် ၎င်းနိုင်ငံ၏ ကာကွယ်ရေး စွမ်းဆောင်ရည်များ မြှင့်တင်နိုင်ရန်ရည်ရွယ်၍ တူကီယဲနိုင်ငံမှပေးပို့သော စစ်လက်နက် များနှင့် ဆက်စပ်ပစ္စည်းများအား လက်ခံရရှိခဲ့သည်ဟု The Defense Post သတင်း ဌာနက ဇန်နဝါရီလ ၁၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ DRC အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ပစ္စည်းဈေးကွက်မှ စစ်လက်နက်စနစ်များအား လွတ်လပ်စွာဝယ်ယူလက်ခံခွင့် ရရှိပြီး ၃ လအကြာတွင် တူကီယဲနိုင်ငံထံမှ အဆိုပါစစ်လက်နက်ပစ္စည်းများအား လက်ခံ ရရှိခဲ့ခြင်းဖြစ်ပါသည်။

သုံးသပ်ချက်

တူကီယဲနိုင်ငံသည် လက်ရှိ ကမ္ဘာ့လုံခြုံရေးဆိုင်ရာပြဿနာများဖြစ်ပွားနေစဉ် အတွင်း ပဋိပက္ခဖြစ်ပွားသည့်နိုင်ငံများအကြား ပြေလည်မှုရရှိစေရန် နိုင်ငံရေးအရ အပြုသဘောဆောင်သော ကြားဝင်စေ့စပ်ညှိနှိုင်းမှုများကို ထဲထဲဝင်ဝင်လုပ်ဆောင်လျက် ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထို့ပြင် တစ်ဖက်တွင်လည်း တူကီယဲနိုင်ငံသည် ပြည်တွင်း၌ စစ်လက်နက်ပစ္စည်းတီထွင်ထုတ်လုပ်မှုများဖြစ်သော ဒရုန်းများနှင့် လေကာ စနစ်များအား နည်းပညာမြင့်မားစွာဖြင့် တီထွင်ထုတ်လုပ်လျက်ရှိကာ ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ပစ္စည်းဈေးကွက်တွင် အတိုင်းအတာတစ်ခုအထိ နေရာရယူလာလျက် ရှိသည်ကို တွေ့ရှိရပါသည်။ ထို့အတူ တူကီယဲနိုင်ငံသည် အာဖရိကဒေသတွင်းနိုင်ငံများ နှင့်လည်း လုံခြုံရေးနှင့် စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် မိတ်ဖက် ဆက်ဆံရေးခိုင်မာအားကောင်းစေရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပြီး ထိုသို့သောကြိုးပမ်း လုပ်ဆောင်မှုများအနက် ပြည်တွင်းစစ်ရေးပဋိပက္ခများ လွန်စွာမြင့်တက်လျက်ရှိသော DRC နိုင်ငံသို့ စစ်လက်နက်ပစ္စည်းကိရိယာတန်ဆာပလာများ ပေးပို့ခဲ့ပါသည်။ တူကီယဲနှင့် အာဖရိကနိုင်ငံများအကြားရှိ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် သံတမန်ဆက်ဆံရေးကဏ္ဍ တို့မှာ ခိုင်မာအားကောင်းလျက်ရှိခြင်းနှင့်အတူ တူကီယဲနိုင်ငံ၊ အန်ကာရာ (Ankara) မြို့၌ အာဖရိကနိုင်ငံဆိုင်ရာသံရုံးများမှာ ၂၀၁၀ ပြည့်နှစ်တွင် ၁၉ ခုရှိရာမှ ၂၀၂၂ ခုနှစ်တွင် ၄၄ ခု အထိ တိုးမြှင့်ဖွင့်လှစ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ တူကီယဲနိုင်ငံအနေဖြင့် အာဖရိကဒေသတွင်းနိုင်ငံများနှင့် လုံခြုံရေးနှင့် စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု များမှတစ်ဆင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုကဏ္ဍဆိုင်ရာစီမံကိန်းများ၌ နက်ရှိုင်းသောပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ကာ အကျိုးတူမူဝါဒ (Win-win Policy) အား အခိုင်အမာအကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို ဆက်လက်မြှင့်တင် လုပ်ဆောင်သွားနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment