Wednesday, January 4, 2023

တူကီယဲနှင့် ရုရှားတို့သည် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ပူးတွဲကင်းလှည့်သွားမည်ဆိုခြင်း

Trend;Jan-5(Thu)

တူကီယဲနှင့် ရုရှားနိုင်ငံတို့အကြား မကြာသေးမီကရရှိခဲ့သည့် သဘောတူညီချက် အရ ၎င်းတို့နှစ်နိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ပူးတွဲကင်းလှည့်မှုများ ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအက်ကာ (Hulusi Akar) က ပြောကြားခဲ့သည်ဟု Trend သတင်းဌာနက ဇန်နဝါရီလ ၅ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ တူကီယဲ၊ ရုရှားနှင့် ဆီးရီးယားနိုင်ငံတို့အကြား ရွှေ့ပြောင်း အခြေချနေထိုင်သူများအရေးနှင့် အကြမ်းဖက်မှုဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းနိုင်ရေး တို့အတွက် လုပ်ဆောင်လျက်ရှိသည့်လုပ်ငန်းစဉ်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ အထက်ပါကဲ့သို့လုပ်ဆောင်သွားရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ရုရှားနှင့် တူကီယဲနိုင်ငံတို့ အကြား လိုအပ်သောသဘောတူညီချက်များအားလုံးကို ရရှိထားပြီးဖြစ်ကြောင်းနှင့် ပူးတွဲစောင့်ကြည့်ရေးစင်တာများတည်ဆောက်ခြင်း၊ ပူးတွဲကင်းလှည့်ခြင်းများ၊ ကျွမ်းကျင် ပညာရှင်များနှင့်တွေ့ဆုံခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။

ထို့ပြင် တူကီယဲနိုင်ငံ၏ တစ်ခုတည်းသောရည်ရွယ်ချက်မှာ တူကီယဲပြည်သူ များနှင့် နိုင်ငံနယ်နိမိတ်အား အကြမ်းဖက်မှုအန္တရာယ်များမှ ကာကွယ်တားဆီးနိုင်ရေး ဖြစ်ကြောင်းနှင့် တူကီယဲနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် နယ်နိမိတ်များအပေါ် လေးစားမှုရှိကြောင်း ဟူလူဆီအက်ကာက ထပ်လောင်းပြောကြား ခဲ့ပါသည်။ တူကီယဲ၊ ဆီးရီးယားနှင့် ရုရှားနိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးများသည် ရုရှားနိုင်ငံ၊ မြို့တော်မော်စကို (Moscow) တွင် ဒီဇင်ဘာလ ၂၈ ရက်တွင် သုံးပွင့်ဆိုင် ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ဆီးရီးယားနိုင်ငံတွင်း အကျပ်အတည်းကိစ္စရပ်များ၊ ဒုက္ခသည် ဆိုင်ရာပြဿနာများ၊ ဆီးရီးယားနိုင်ငံအတွင်း အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို အလေးထားဆွေးနွေးမှုများပြုလုပ်ခဲ့ ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

တူကီယဲနိုင်ငံသည် ဆီးရီးယားဒုက္ခသည် ၄ သန်းနီးပါးအား လက်ခံထားရှိလျက် ရှိပြီး နိုင်ငံအတွင်း အဆိုပါဒုက္ခသည်များအရေးဆိုင်ရာ ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။ ထို့ပြင် တူကီယဲနိုင်ငံသည် ဆီးရီးယားနိုင်ငံမြောက်ပိုင်း၌ အကြမ်းဖက် နှိမ်နင်းရေးဆိုင်ရာစစ်ဆင်ရေးများ အဆက်မပြတ်ဆောင်ရွက်လျက်ရှိသောကြောင့် နှစ်နိုင်ငံ အကြားဆက်ဆံရေးမှာ တင်းမာမှုများဖြစ်ပေါ်လျက်ရှိသော်လည်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ရုရှားနိုင်ငံ၊ မော်စကို၌ ရုရှား၊ တူကီယဲနှင့် ဆီးရီးယားကာကွယ်ရေးဝန်ကြီး တို့အကြား တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံခဲ့ပြီးနောက်တွင် တူကီယဲနှင့် ရုရှားနိုင်ငံတို့သည် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ပူးတွဲကင်းလှည့်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာက ပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။ ထိုသို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများဆောင်ရွက်ခြင်း သည် ရွှေ့ပြောင်းအခြေချနေထိုင်သူများအရေးနှင့် အကြမ်းဖက်မှုဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းနိုင်ရေးအတွက် ရည်ရွယ်၍လုပ်ဆောင်ခြင်းဖြစ်ကြောင်း တူကီယဲကာကွယ်ရေး ဝန်ကြီးက ဆက်လက်ပြောကြားထားပါသည်။ တူကီယဲအစိုးရအနေဖြင့် ရွှေ့ပြောင်းအခြေချ နေထိုင်သူများအရေးနှင့် အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းများဖြေရှင်းနိုင်ရေး ဆောင်ရွက် ခြင်းမှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ ထိုသို့ဆောင်ရွက်ချက်များမှာ တူကီယဲအစိုးရ၏ နိုင်ငံရေးပုံရိပ်ကို မြှင့်တင်နိုင်မည်ဖြစ် သော်လည်း နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုဖြစ်ပွားလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment