Saturday, January 7, 2023

ဆားဘီးယားစစ်ဘက်နှင့် ရဲတပ်ဖွဲ့ဝင်များစေလွှတ်ပေးရန် ဆားဘီးယားသမ္မတ၏ တောင်းဆိုချက်ကို NATO ငြိမ်းချမ်းရေးအစောင့်တပ်ဖွဲ့က ငြင်းပယ်ခဲ့ခြင်း

Aljazeera;Jan-8(Sun)

ဆာ့ဘ်လူမျိုးများနှင့် ကိုဆိုဗိုအာဏာပိုင်များအကြား ပဋိပက္ခများဖြစ်ပွားပြီးနောက် ကိုဆိုဗိုသို့ ဆားဘီးယားစစ်ဘက်နှင့် ရဲတပ်ဖွဲ့ဝင် ၁,၀၀၀ ဦးခန့် စေလွှတ်ပေးရန် ဆားဘီးယားသမ္မတ၏တောင်းဆိုချက်ကို ကိုဆိုဗိုရှိ NATO ငြိမ်းချမ်းရေးအစောင့် တပ်ဖွဲ့က ငြင်းပယ်ခဲ့ကြောင်း Aljazeera သတင်းဌာနက ဇန်နဝါရီလ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ KFOR အမည်ရှိ NATO ငြိမ်းချမ်းရေးအစောင့်တပ်ဖွဲ့က ဆားဘီးယား စစ်ဘက်ကို ကိုဆိုဗိုသို့စေလွှတ်ရန်မလိုအပ်ဟု ယူဆကြောင်း တုံ့ပြန်ပြောကြားခဲ့သည်ဟု ဇန်နဝါရီလ ၈ ရက်၌ Pink TV channel နှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု အတွင်း ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဗူစစ် (Aleksandar Vucic) က ပြောကြား ခဲ့ပါသည်။ ပြီးခဲ့သည့်လတွင် ကိုဆိုဗိုမြောက်ပိုင်း၌ ဆာ့ဘ်လူမျိုးများနှင့် ကိုဆိုဗိုအာဏာပိုင် များအကြား ပဋိပက္ခများဖြစ်ပွားပြီးနောက် ကိုဆိုဗိုတွင် တပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားရန် သမ္မတ ဗူစစ်က တောင်းဆိုခဲ့ခြင်းဖြစ်ပါသည်။

သမ္မတ၏ အဆိုပါတောင်းဆိုမှုကို KFOR တပ်ဖွဲ့က ခွင့်ပြုပေးမည်ဆိုပါက ဆားဘီးယားသည် အော်သိုဒေါ့စ်ခရစ်ယာန်ဘာသာရေးဆိုင်ရာနေရာများ၊ ဆာ့ဘ်လူမျိုးစုများနှင့် နယ်စပ်ဖြတ်ကျော်ရာနေရာများတွင် ၎င်း၏တပ်ဖွဲ့ဝင်များကို တပ်ဖြန့်ချထားခွင့်ပြုနိုင် ကြောင်း ကုလသမဂ္ဂ၏လုံခြုံရေးကောင်စီဆုံးဖြတ်ချက်၌ ဖော်ပြထားပါသည်။ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အရ ဆားဘီးယားနိုင်ငံသည် ၎င်း၏ လုံခြုံရေးတပ်ဖွဲ့ဝင်ရာပေါင်းများစွာကို ပြန်လည်တပ်ဖြန့်ချထားပိုင်ခွင့်ရှိပြီး ကိုဆိုဗိုသို့ တပ်ဖွဲ့ဝင်များစေလွှတ်ခြင်းသည် တင်းမာမှု များကို လျှော့ချရာတွင် အထောက်အကူဖြစ်စေမည်ဟူသည့် ဆားဘီးယားနိုင်ငံ၏ တောင်းဆိုချက်ကို ကိုဆိုဗိုနှင့်အနောက်နိုင်ငံမှ တာဝန်ရှိသူများက ပြင်းပြင်းထန်ထန် ငြင်းပယ်ခဲ့ပါသည်။ ကိုဆိုဗို၏လွတ်လပ်ရေးအတွက် အနောက်နိုင်ငံများက ကျောထောက် နောက်ခံပြုထားခြင်းကြောင့် ဆားဘီးယားနိုင်ငံ၏ တောင်းဆိုချက်အပေါ် KFOR တပ်ဖွဲ့ အနေဖြင့် ယခုကဲ့သို့ တုံ့ပြန်လာမည်ကို ကြိုတင်မျှော်မှန်းထားခဲ့ကြောင်း သမ္မတ ဗူစစ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment