Friday, August 4, 2023

ဘီလာရုဇ်၏ကျူးကျော်ရန်စမှုကြောင့် ပိုလန်၏စစ်ရေးပြင်ဆင်ထားရှိမှုအပေါ် အမေရိကန်က ထောက်ခံလျက်ရှိခြင်း


Anadolu Agency; Aug- 5(Sat)

    ပိုလန်လေပိုင်နက်အတွင်းသို့ ဩဂုတ်လ ၁ ရက်တွင် ဘီလာရုဇ်ရဟတ်ယာဉ် ၂ စီး ကျုးကျော်ဝင်ရောက်ခဲ့မှုကြောင့် ပိုလန်နိုင်ငံ၏ စစ်ရေးပြင်ဆင်ထားရှိမှုအပေါ် အမေရိကန် နိုင်ငံအနေဖြင့် ထောက်ခံလျက်ရှိသည်ဟု ဩဂုတ်လ ၄ ရက်တွင် အမေရိကန်ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) က ပိုလန်ကာကွယ်ရေးဝန်ကြီး မာရွတ်ဇ် ဘလက်ဇက် (Mariusz Błaszczak) နှင့် တယ်လီဖုန်းဆက်သွယ်ဆွေးနွေးမှုအတွင်း ထုတ်ဖော်ပြောကြားခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါ ဆွေးနွေးမှုအတွင်း ခေါင်းဆောင် ၂ ဦးအနေဖြင့် ဘီလာရုဇ်နိုင်ငံသို့ ရောက်ရှိနေသော Wagner ကြေးစားတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများအပေါ် အနီးကပ်စောင့်ကြည့်မှုများ ဆက်လက်ပြုလုပ်သွားရန် အခိုင်အမာပြောကြားခဲ့ကြပါသည်။ ထို့နောက် အော်စတင်သည် ယူကရိန်းနိုင်ငံအား ကူညီထောက်ပံ့ရန် ပိုလန်နိုင်ငံ၏ ကြိုးပမ်းမှုများအပေါ် ကျေးဇူး တင်ရှိကြောင်းနှင့် ယူကရိန်းပြည်သူများအတွက် ဘေးကင်းလုံခြုံမှုအား အလေးထား ဆောင်ရွက်ရန် အရေးကြီးကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

    ဘီလာရုဇ်နိုင်ငံအနေဖြင့် ပိုလန်လေပိုင်နက်အတွင်းသို့ ရဟတ်ယာဉ် ၂ စီး ချိုးဖောက် ဝင်ရောက်ခဲ့မှုနှင့်ပတ်သက်၍ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ရန် ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဌာနက တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့ပြင် ဘီလာရုဇ်နိုင်ငံအနေဖြင့် ၎င်းတို့၏ ရပ်တည်မှုမှန်ကန်စေရေးနှင့် နယ်စပ်တစ်လျှောက် ကျူးကျော်ရန်စမှုများအား ရပ်တန့်ရန် ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းပြောကြားခဲ့ပါသည်။ ပိုလန်နိုင်ငံအတွင်းသို့ ဘီလာရုဇ်ရဟတ်ယာဉ် ၂ စီး ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ပိုလန်စစ်ဘက်အနေဖြင့် နယ်စပ်တစ်လျှောက်တွင် စစ်အင်အားတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် NATO အဖွဲ့အား အသိပေးခဲ့ကြောင်း သတင်းအရင်းအမြစ်များ၏ဖော်ပြချက်အရ သိရှိရပါသည်။




No comments:

Post a Comment