Daily Sabah; Aug-8(Tue)
ဂရိနိုင်ငံသည် တူကီယဲနိုင်ငံနှင့်နှစ်နိုင်ငံအကြား ဆက်ဆံရေးမြှင့်တင်ရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးမှုများပြုလုပ်သွားရန် စိတ်အားထက်သန်လျက်ရှိကြောင်း ဂရိ နိုင်ငံခြားရေးဝန်ကြီး ဂျော့ဂျ်ဂီရာပီထရီတစ် (George Gerapetritis) က ပြောကြားခဲ့ သည်ဟု Daily Sabah သတင်းဌာနက ဩဂုတ်လ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။
သုံးသပ်ချက်
တူကီယဲနှင့် ဂရိနိုင်ငံတို့သည် အေဂျီယံပင်လယ်အတွင်း နယ်နိမိတ်ပိုင်းခြား သတ်မှတ်နိုင်ရေး၊ ကျွန်းများပိုင်ဆိုင်မှု၊ ရွှေ့ပြောင်းအခြေချနေထိုင်သူများအရေး၊ စွမ်းအင် ရှာဖွေရေးတို့အပါအဝင် ဆိုက်ပရပ်စ်အရေးတို့နှင့်စပ်လျဉ်း၍ အငြင်းပွားမှုများဖြစ်ပေါ်ခဲ့ပြီး နှစ်နိုင်ငံအကြား တင်းမာမှုများဖြစ်ပေါ်လျက်ရှိပါသည်။ ထို့ပြင် ဂရိလေပိုင်နက်အတွင်း တူကီယဲတိုက်လေယာဉ်များ ဝင်ရောက်ပျံသန်းခြင်းနှင့် အေဂျီယံပင်လယ်အတွင်း အငြင်းပွား နယ်မြေများ၌ တူကီယဲနိုင်ငံ၏ စွမ်းအင်ရှာဖွေရေးဆောင်ရွက်မှုများသည် နှစ်နိုင်ငံအကြား တင်းမာမှုများကို တိုးမြင့်စေခဲ့ပါသည်။ တူကီယဲနိုင်ငံသို့ လက်နက်ရောင်းချမှုကိုပိတ်ပင်ရန် ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) သည် ၂၀၂၂ ခုနှစ်၊ မေလတွင် အမေရိကန်လွှတ်တော်အမတ်များကို တိုက်တွန်းပြောကြားခဲ့ပြီးနောက် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဂရိနိုင်ငံနှင့် နှစ်နိုင်ငံဆွေးနွေးမှုအားလုံးကို ရပ်ဆိုင်းခဲ့ကြောင်း တွေ့ရှိရပါသည်။
၎င်းနောက်တွင် နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နိုင်ခြင်းမရှိခဲ့ သော်လည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် လစ်သူယေးနီးယားနိုင်ငံ၊ မြို့တော် ဗီလ်နီးယပ်စ် (Vilnius) ၌ ကျင်းပသော NATO ထိပ်သီးအစည်းအဝေး၌ သီးခြားတွေ့ဆုံမှုအဖြစ် တူကီယဲ သမ္မတ ရီဆက်တေရစ်အာဒိုဂန်နှင့် ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ်တို့ တွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံအကြားတည်ငြိမ်ရေးကို ထိန်းသိမ်းထားရန်နှင့် အဆင့်မြင့်ဆွေးနွေးပွဲများကို ယခုနှစ်နှောင်းပိုင်းတွင် ဂရိနိုင်ငံ၊ သက်စလိုနီကီ (Thessaloniki) မြို့တွင်ကျင်းပရန် သဘောတူညီမှုရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။
ဂရိနိုင်ငံအနေဖြင့် ကာလရှည်ကြာ အငြင်းပွားမှုများဖြစ်ပွားလျက်ရှိသည့် ပင်လယ် ရေကြောင်းနယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရေးအတွက် တူကီယဲနိုင်ငံနှင့် ဆွေးနွေးမှုများပြုလုပ်ရန်အသင့်ရှိကြောင်း ပြီးခဲ့သည့် ဇူလိုင်လတွင် ဂရိနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါသည်။ လက်ရှိတွင်လည်း ဂရိနိုင်ငံအနေဖြင့် တူကီယဲနိုင်ငံနှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးမြှင့်တင်ရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးမှုများပြုလုပ်သွားရန် စိတ်အားထက်သန်လျက်ရှိကြောင်း ဂရိနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။ ဂရိနိုင်ငံအနေဖြင့် ဒေသတွင်းအင်အားကြီးနိုင်ငံဖြစ်သော တူကီယဲနိုင်ငံနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင်တည်ဆောက်နိုင်ရေး လိုလားလျက်ရှိကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ နှစ်နိုင်ငံဆက်ဆံရေးပြန်လည်ကောင်းမွန်အောင်တည်ဆောက်နိုင်ပါက ၎င်းတို့ အကြား ဖြစ်ပွားလျက်ရှိသည့် အငြင်းပွားမှုများကို အထိုက်အလျောက် လျှော့ချသွားနိုင်မည် ဖြစ်ကြောင်းနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် ကောင်းမွန်သည့် အထောက်အပံ့ ကောင်းများရရှိစေမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment