Tuesday, August 1, 2023

ဘီလာရုဇ် ရဟတ်ယာဉ် ၂ စီးသည် ပိုလန်နိုင်ငံ လေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ပိုလန်အစိုးရက ပြောကြားခဲ့ခြင်းv

WAtoday; Aug-2(Wed)

    ရုရှား၏ မဟာမိတ်ဖြစ်သော ဘီလာရုဇ်နိုင်ငံမှ ရဟတ်ယာဉ် ၂ စီးသည် ပိုလန် လေပိုင်နက်အတွင်းသို့ ဩဂုတ်လ ၁ ရက်တွင် ဝင်ရောက်ခဲ့ကြောင်း ပိုလန်အစိုးရက ပြောကြားခဲ့ပါသည်။ ပိုလန်အာဏာပိုင်များသည် အထက်ပါကိစ္စကို တုံ့ပြန်သည့်အနေဖြင့် အဆိုပါနယ်စပ်တစ်လျှောက်တွင် ပိုလန်၏စစ်အင်အားကို တိုးမြှင့်မည်ဖြစ်ကြောင်းနှင့် ပိုလန်ရှိ ဘီလာရုဇ်၏ ထိပ်တန်းသံတမန်ကိုဆင့်ခေါ်၍ ကန့်ကွက်ကြောင်း ပြောကြား ခဲ့ပါသည်။ ထို့ပြင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ NATO အဖွဲ့အား အသိပေးအကြောင်းကြား ခဲ့သည်ဟု ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ရုရှားနှင့် ဆက်နွှယ်မှု ရှိသော Wagner ကြေးစားတပ်ဖွဲ့ဝင်များသည် ဇွန်လတွင် ရုရှားအစိုးရအား တော်လှန် ပုန်ကန်ပြီး ဘီလာရုဇ်နိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းကြောင့် အိမ်နီးချင်း ပိုလန်နှင့် လစ်သူရေးနီးယားနိုင်ငံတို့တွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့ပါသည်။

    ဩဂုတ်လ ၁ ရက်အစောပိုင်းတွင် ဘီလာရုဇ်နယ်စပ်အနီးရှိ ပိုလန်ဒေသခံများသည် ဘီလာရုဇ်ရဟတ်ယာဉ်များ ဝေဟင်၌ပျံသန်းလျက်ရှိသည်ဟု ၎င်းတို့က ပြောကြား ခဲ့ပါသည်။ အချို့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လေယာဉ်ပျံသန်းမှုပုံများကို တင်ထားခဲ့ပါသည်။ ပိုလန်စစ်ဘက်က ကနဦးတွင် ၎င်းကိစ္စနှင့်ပတ်သက်၍ ငြင်းဆိုခဲ့ သော်လည်း နယ်စပ်အနီးတွင် လေ့ကျင့်ရေးလုပ်ဆောင်နေသည့် ဘီလာရုဇ် ရဟတ်ယာဉ် ၂ စီးသည် ပိုလန်လေပိုင်နက်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း ပိုလန်ကာကွယ်ရေး ဝန်ကြီးဌာနက ညနေပိုင်းတွင် ထုတ်ပြန်ခဲ့ပါသည်။ ဘီလာရုဇ်သည် ၎င်းနေရာ၌ လေ့ကျင့်ခန်းများပြုလုပ်ရန် စီစဉ်ထားကြောင်း ပိုလန်စစ်ဘက်အား အစောပိုင်းတွင် အကြောင်းကြားထားသည်ဟု သိရှိရပါသည်။

No comments:

Post a Comment