Anadolu Agency; Aug-5(Sat)
ပိုလန်လေပိုင်နက်အတွင်းသို့ ဩဂုတ်လ ၁ ရက်တွင် ဘီလာရုဇ်ရဟတ်ယာဉ် ၂ စီး ကျူးကျော်ဝင်ရောက်ခဲ့မှုကြောင့် ပိုလန်နိုင်ငံ၏ စစ်ရေးပြင်ဆင်ထားရှိမှုအပေါ် အမေရိကန် နိုင်ငံအနေဖြင့် ထောက်ခံလျက်ရှိသည်ဟု ဩဂုတ်လ ၄ ရက်တွင် အမေရိကန်ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) က ပိုလန်ကာကွယ်ရေးဝန်ကြီး မာရွတ်ဇ်ဘလက်ဇက် (Mariusz Błaszczak) နှင့် တယ်လီဖုန်းဆက်သွယ်ဆွေးနွေးမှုအတွင်း ထုတ်ဖော်ပြောကြား ခဲ့ပါသည်။
သုံးသပ်ချက်
ရုရှားနိုင်ငံအစိုးရနှင့် ချိတ်ဆက်မှုရှိသော Wagner တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ရုရှားအစိုးရအပေါ် ဆန့်ကျင်မှုနှင့်ပတ်သက်၍ ဘီလာရုဇ်နိုင်ငံသို့ ပြောင်းရွှေ့ ချထားခဲ့ရာမှ အိမ်နီးချင်းပိုလန်နိုင်ငံအတွက် စိုးရိမ်မှုများမြင့်တက်လာခဲ့ပါသည်။ ထို့ပြင် ရုရှားနိုင်ငံမှပေးပို့ခဲ့သော နျူကလီးယားလက်နက်များအား ဘီလာရုဇ်နိုင်ငံအတွင်း လုံခြုံရေး အရ တပ်ဖြန့်ချထားမှုများ ပြုလုပ်ထားကြောင်းကို ကြေညာထားသည့်အပြင် ၎င်းတို့၏ စစ်မြေပြင်ကျွမ်းကျင်မှုဆိုင်ရာ စစ်ရေးလေ့ကျင့်ခန်းပြုလုပ်စဉ် ဘီလာရုဇ်နိုင်ငံဘက်မှ ရဟတ်ယာဉ် ၂ စင်းသည် ပိုလန်နိုင်ငံဝေဟင်ပိုင်နက်အတွင်း ဖြတ်ကျော်ဝင်ရောက်မှု တို့ကြောင့် ပိုလန်အစိုးရသည် NATO အဖွဲ့သို့ အသိပေးခဲ့ပြီး နယ်စပ်တစ်လျှောက် တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားခဲ့ကြောင်း တွေ့ရှိရပါသည်။ လက်ရှိတွင် ပိုလန်၏ စစ်ရေးပြင်ဆင်ဆောင်ရွက်မှု များအပေါ် အမေရိကန်နိုင်ငံအနေဖြင့် ထောက်ခံလျက်ရှိကြောင်းတွေ့ရှိရပါသည်။
ကာကွယ်ရေးဝန်ကြီး ၂ ဦးအနေဖြင့် ဘီလာရုဇ်နိုင်ငံသို့ရောက်ရှိနေသော Wagner ကြေးစားတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများအပေါ် အနီးကပ်စောင့်ကြည့်မှုများ ဆက်လက် ပြုလုပ်သွားရန် ဆွေးနွေးပြောကြားခဲ့ကြပါသည်။ ထို့ပြင် ဘီလာရုဇ်နိုင်ငံအနေဖြင့် ပိုလန် လေပိုင်နက်အတွင်းသို့ ချိုးဖောက်ဝင်ရောက်ခဲ့ခြင်းအကြောင်းအရင်းအား အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ရန် ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းပြောကြားခဲ့ပါသည်။ ဘီလာရုဇ် နိုင်ငံအနေဖြင့် ပိုလန်နိုင်ငံအပေါ် မှန်ကန်စွာရပ်တည်ပေးရန်နှင့် နယ်စပ်တစ်လျှောက် ကျူးကျော်ရန်စမှုများအားရပ်တန့်ရန် ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန် ကြေညာခဲ့ပါသည်။ ထို့ကြောင့် NATO အဖွဲ့ဝင်ဖြစ်သည့် ပိုလန်နိုင်ငံအနေဖြင့်လည်း ရုရှား- ယူကရိန်းပဋိပက္ခအခြေအနေကြောင့် ၎င်းနိုင်ငံအတွင်း စစ်ရေးပြင်ဆင်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်ခဲ့ကာ ပိုလန်-ဘီလာရုဇ် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် စစ်ရေးပြင်ဆင်မှုနှင့် လက်နက်ဖြန့်ကြက်မှုများ ပိုမိုဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment