Wednesday, August 9, 2023

ပိုလန်နိုင်ငံသည် ယူကရိန်းနိုင်ငံအနောက်ပိုင်းကို နိုင်ငံရေးအကြောင်းပြချက်ဖြင့် သိမ်းပိုက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက စွပ်စွဲပြောကြားခဲ့ခြင်း

 

Sputnik; Aug-9(Wed)

             ပိုလန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံအနောက်ပိုင်းကို သိမ်းပိုက်၍ ပိုလန်-ယူကရိန်း ပေါင်းစည်းခြင်းလုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်းနှင့် ဥရောပ၌ အင်အား အကြီးမားဆုံး တပ်မတော်တစ်ရပ် တည်ဆောက်နိုင်ရန် ရည်ရွယ်လုပ်ဆောင်လျက် ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်းဂူ (Sergei Shoigu) က ဩဂုတ်လ ရက်တွင် စွပ်စွဲပြောကြားခဲ့ပါသည်။

သုံးသပ်ချက်

               NATO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ပိုလန်နိုင်ငံသည် ရုရှား-ယူကရိန်း စစ်ရေး ပဋိပက္ခတွင် ယူကရိန်းနိုင်ငံအပေါ် အပြည့်အဝထောက်ခံ၍ စစ်ရေးအကူအညီများ အပါအဝင် ကဏ္ဍစုံပံ့ပိုးကူညီမှုများဆောင်ရွက်ပေးလျက်ရှိပြီး ရုရှားနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများချမှတ်ရန်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် အဖွဲ့အစည်းများကို အလေးအနက်ထား တိုက်တွန်းပြောကြားလျက်ရှိပါသည်။ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်းတွင် ပိုလန်နှင့်ရုရှားနိုင်ငံတို့အကြား ဆက်ဆံရေးမှာ သိသိသာသာဆိုးရွားလာလျက်ရှိပါသည်။ ပိုလန်နိုင်ငံအနေဖြင့် ၎င်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်နိုင်ရေး အတွက် အမေရိကန်၊ ဗြိတိန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ စစ်လက်နက်ပစ္စည်းအများ အပြားကို ဝယ်ယူလျက်ရှိပါသည်။

             ထိုသို့ ပိုလန်နိုင်ငံ၏ စစ်လက်နက်ပစ္စည်းအမြောက်အမြားဝယ်ယူခြင်းသည် ဥရောပ၌ စွမ်းအားအမြင့်ဆုံး တပ်မတော်တစ်ရပ်ကို တည်ဆောက်ရန် ကြိုးပမ်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။ ထို့ပြင် ပိုလန်နိုင်ငံအနေဖြင့် နိုင်ငံရေးနည်းလမ်းကိုအသုံးချ၍ ယူကရိန်းနိုင်ငံ၏ အနောက်ပိုင်းကို သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်းကိုလည်း ရုရှားကာကွယ်ရေး ဝန်ကြီးက စွပ်စွဲပြောကြားခဲ့သော်လည်း ထိုသို့စွပ်စွဲပြောကြားချက်များနှင့်စပ်လျဉ်း၍ ပိုလန်နိုင်ငံအနေဖြင့် တုံ့ပြန်ပြောကြားထားခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ ပိုလန်နှင့် ယူကရိန်းနိုင်ငံတို့အကြား ကောင်းမွန်သည့်ဆက်ဆံရေးရှိပြီး နိုင်ငံတကာမှ ယူကရိန်း နိုင်ငံအပေါ် အကူအညီများပေးအပ်ရာတွင် ပိုလန်နိုင်ငံသည် တစ်ဆင့်ခံအကူအညီများ ပေးအပ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အထက်ပါစွပ်စွဲပြောကြားချက်များသည် ကမ္ဘာ့နိုင်ငံများအလယ်၌ ပိုလန်နိုင်ငံ၏ နိုင်ငံရေး ပုံရိပ်ထိခိုက်ကျဆင်းစေရန် ရည်ရွယ်သောလုပ်ဆောင်ချက်တစ်ခု ဖြစ်နိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment