Wednesday, August 30, 2023

ဂရိနိုင်ငံနှင့်အတူ စစ်လက်နက်ပစ္စည်းများပူးတွဲထုတ်လုပ်သွားမည့် အစီအစဉ်တစ်ရပ်အား အာမေးနီးယားနိုင်ငံက ကြေညာခဲ့ခြင်း

Azatutyun; Aug-31(Thu)

စစ်လက်နက်ပစ္စည်းနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တီထွင်ထုတ်လုပ် မှုများကို ဂရိနိုင်ငံနှင့်အတူပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာမေးနီးယားနိုင်ငံက ဩဂုတ်လ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ နှစ်နိုင်ငံ စစ်ဘက်နည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဂရိနှင့် အာမေးနီးယားနိုင်ငံတို့အကြား သဘောတူညီချက်မူကြမ်းကို အာမေးနီးယားအစိုးရက အတည်ပြုလက်ခံခဲ့ပြီးနောက် အထက်ပါကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါသဘောတူညီချက်တွင် နှစ်နိုင်ငံစစ်ဘက်အကြား သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊ ကာကွယ်ရေး ဆိုင်ရာနည်းပညာများ အပြန်အလှန်ဖလှယ်ခြင်း၊ နှစ်နိုင်ငံပူးတွဲ၍ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများနှင့် ခဲယမ်းများထုတ်လုပ်ခြင်း စသည့်အချက်များပါဝင်ပါသည်။

သို့သော် နှစ်နိုင်ငံစစ်ဘက်အကြား ပူးတွဲထုတ်လုပ်မည့် လက်နက်အမျိုးအစား ထုတ်လုပ်မည့်နေရာများနှင့်စပ်လျဉ်း၍ အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။ အဆိုပါ သဘောတူညီချက်တွင် နှစ်နိုင်ငံအကြား စစ်ဘက်တပ်ဖွဲ့ဝင်များကို အပြန်အလှန်လေ့ကျင့် သင်ကြားပေးခြင်းနှင့် တတိယနိုင်ငံများမှ တင်သွင်းသော အကြီးစားစစ်လက်နက်ပစ္စည်း များကို ပြုပြင်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များလည်းပါဝင်ကြောင်း အာမေးနီးယားအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများကို ဂရိနှင့် အာမေးနီးယားစစ်ဘက်တို့အကြား ပူးတွဲကော်မရှင်တစ်ရပ် ဖွဲ့စည်းခြင်းအားဖြင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့ပါသည်။ ဂရိနိုင်ငံသည် ၁၉၉၀ ပြည့်နှစ်မှစတင်၍ ယခုအချိန်ထိ အာမေးနီးယားစစ်ဘက်အရာရှိ ရာပေါင်းများစွာကို ၎င်းနိုင်ငံရှိ စစ်သင်တန်းကျောင်းများတွင် လေ့ကျင့်သင်ကြားပေးလျက် ရှိသော်လည်း အာမေးနီးယားနိုင်ငံသို့ အကြီးစားစစ်လက်နက်ပစ္စည်းများ ထောက်ပံ့ ပေးအပ်မှုနှင့်စပ်လျဉ်း၍ တရားဝင်ထုတ်ပြန်ထားခြင်းမရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment