Ahval News; Jun-7(Sun)
တူရကီနိုင်ငံအနေဖြင့်
လစ်ဗျားပြည်တွင်းပဋိပက္ခများ
အဆုံးသတ်၍ နိုင်ငံရေး အရ တည်ငြိမ်မှုရှိလာသည့်အချိန်၌
လစ်ဗျား၏ကုလသမဂ္ဂအသိအမှတ်ပြု
အမျိုးသား သဘောတူညီချက် အစိုးရအဖွဲ့ (Government of
National Accord-GNA) နှင့် စွမ်းအင်ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍတို့တွင်
ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားမည် ဖြစ်ကြောင်း
တူရကီသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ
အီဘရာဟင်ကာလင် (Ibranim Kalin) က ဇွန်လ ၇ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီသည် အဆိုပါစွမ်းအင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများအား လစ်ဗျား၌ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော်လည်း ပြည်တွင်းစစ်ကြောင့်
ရပ်နားခဲ့ရကြောင်း ကာလင်က ထပ်လောင်းပြောကြားခဲ့ပါသည်။
ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာ (Khalifa Haftar) ဦးဆောင်သည့် လစ်ဗျားအမျိုးသား တပ်ဖွဲ့ (Libyan National Army-LNA) သည် GNA အဖွဲ့ထံမှ မြို့တော် ထရီပိုလီ (Tripoli) အား သိမ်းပိုက်ရန်အတွက် ၂၀၁၉ ခုနှစ်၊ ဧပြီလကတည်းက ထိုးစစ်ဆင်မှုများ လုပ်ဆောင်ခဲ့ပါသည်။
တူရကီနိုင်ငံသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကတည်းက GNA အဖွဲ့သို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးပြီး အဓိကအားဖြင့် မောင်းသူမဲ့ယာဉ်များ၊ အခြားသောစစ်လက်နက်ပစ္စည်းများ ပါဝင်လျက်ရှိသည့်အပြင် စစ်သွေးကြွအဖွဲ့နှင့် ဆက်နွှယ်ပတ်သက်သည့် ဆီးရီးယားကြေးစားစစ်သည်များကိုလည်း
ပေးပို့ခဲ့ပါသည်။ ကုလသမဂ္ဂအသိအမှတ်ပြု GNA အဖွဲ့သည် ဟတ်ဖ်တာသစ္စာခံတပ်ဖွဲ့ဝင်များ
ယခင်က သိမ်းပိုက်ထားခဲ့သည့် ထရီပိုလီမြို့၏ ပတ်ဝန်းကျင်နယ်မြေများအား ပြီးခဲ့သည့် သီတင်းပတ်များအတွင်းက ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း လေ့လာသူများက ပြောကြား ခဲ့ပါသည်။ လစ်ဗျားနိုင်ငံအတွင်း အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆိုင်ရာအစီအစဉ်သစ် တစ်ရပ်အား အကောင်အထည်ဖော်ရန် အီဂျစ်နိုင်ငံက ဇွန်လ ၆ ရက်တွင် အဆိုပြုခဲ့ရာ အဆိုပါအပစ်အခတ်ရပ်စဲရေးအစီအစဉ်အား
ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာဦးဆောင်သည့်
လစ်ဗျားအမျိုးသားတပ်ဖွဲ့ကလည်း ထောက်ခံခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment